သရုပ်ဆောင် ဒါရိုက်တာမင်းအုပ်စိုးက ၎င်း၏ညီမဝမ်းကွဲတော်စပ်သူအား ထိုးကြိတ်ကန်ကျောက်ရာမှ သေဆုံးမှုဖြစ်ပွား

သရုပ်ဆောင် ဒါရိုက်တာမင်းအုပ်စိုးက ၎င်း၏ညီမဝမ်းကွဲတော်စပ်သူအား ထိုးကြိတ်ကန်ကျောက်ရာမှ သေဆုံးမှုဖြစ်ပွား
Published 26 December 2014

သရုပ်ဆောင် ဒါရိုက်တာမင်းအုပ်စိုးက ၎င်း၏ညီမဝမ်းကွဲတော်စပ်သူအား နေအိမ်အခန်းအတွင်း ထိုးကြိတ်ကန်ကျောက်ရာမှ သေဆုံးမှုဖြစ်ပွားခဲ့ပြီး သက်ဆိုင်ရာရဲစခန်းသို့ လာရောက်အဖမ်းခံခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ဒီဇင်ဘာ ၂၅ ရက် နံနက်ပိုင်းတွင် စုံစမ်းသိရသည်။ဖြစ်စဉ်မှာ ဒီဇင်ဘာ ၂၅ ရက် နံနက် ၂ နာရီခွဲတွင် သရုပ်ဆောင်ဒါရိုက်တာ မင်းအုပ်စိုး (ခ) အောင်နိုင်ထွန်း (၄၄) နှစ်နေထိုင်သည့် အမှတ် (၅၁) စီ၊ ဖိုးစိန်လမ်း၊ ဗိုလ်ချို (၂) ရပ်ကွက် နေအိမ်အခန်းအတွင်း ၎င်း၏ညီမဝမ်းကွဲတော်စပ်သူ အသက် (၃၃)နှစ်အရွယ် မနုနုယဉ်ကို လူမှုရေးကိစ္စမေးမြန်းရာ အမှန်အတိုင်းဖြေကြားခြင်းမရှိသောကြောင့် စိတ်ဆိုးဒေါသထွက်ပြီး အိပ်ခန်းအတွင်း လက်သီးဖြင့်ထိုးခြင်း၊ ဆောင့်ကန်ခြင်း၊ ကိုင်ဆောင့်ခြင်းတို့ပြုလုပ်ခဲ့သည်။ယင်းကဲ့သို့ပြုလုပ်ခံခဲ့ရသည့် မနုနုယဉ်မှာ ၎င်း၏အိပ်ခန်းအတွင်းရှိ ခုတင်ပေါ်သို့ လဲကျသေဆုံးခဲ့ပြီး နံနက် ၄ နာရီခွဲတွင် ဗဟန်းမြို့နယ်ရဲစခန်းသို့ မင်းအုပ်စိုးလာရောက်အဖမ်းခံခဲ့ကြောင်း သိရသည်။"မင်းအုပ်စိုးက သူ့ညီမဝမ်းကွဲကိုဒေါသထွက်ပြီးတော့ လက်သီးနဲ့ထိုး၊ ဆောင့်ကန်၊ ကိုင်ပေါက်ခဲ့လို့ မျက်နှာ၊ ဦးခေါင်း၊ ကျောကုန်း၊ မျက်လုံးတွေနဲ့ လည်ပင်းတွေမှာဒဏ်ရာတွေရခဲ့ပြီး ပက်လက်အနေအထားနဲ့သေဆုံးခဲ့တယ်။ အခင်းဖြစ်တဲ့အချိန်ကတော့ မနက် ၂ နာရီခွဲမှာဖြစ်ပွားတာပါ။ မင်းအုပ်စိုးက မနက် ၄ နာရီခွဲလောက်မှာ ဗဟန်းရဲစခန်းကို သူကိုယ်တိုင်လာရောက်အဖမ်းခံခဲ့ပါတယ်။ ဒီကိစ္စကို ရဲလုပ်ငန်းအရ အကုန်လုံးဆက်လက်စစ်ဆေးနေပါတယ်။ အခုတော့ ဗဟန်းရဲစခန်းမှာပဲ ထိန်းသိမ်းထားပါတယ်" ဟု အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးဝင်းကြည်ကပြောကြားသည်။ထို့အပြင် ဗဟန်းမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့မှူး ရဲမှူးခင်မောင်ကြည်က "သူ့ညီမက သရပါမဂ္ဂဇင်းမှာ အယ်ဒီတာလုပ်တယ်။ သူရည်းစားထားတာကို မင်းအုပ်စိုးကမေးတဲ့အခါ သူကအမှန်အတိုင်းမပြောလို့ စိတ်ဆိုးဒေါသထွက်ပြီးရိုက်နှက်ခဲ့တာ လက်လွန်သွားတယ်လို့ ကနဦးစစ်ဆေးချက်အရတော့ ထွက်ဆိုထားပါတယ်။ သေဆုံးသူက နှလုံးရောဂါအပြင် အခြားရောဂါတွေလည်းရှိတယ်လို့ သိရတယ်။ အလောင်းကိုသွားစစ်တဲ့အချိန်မှာ ဒဏ်ရာတွေက လူတစ်ယာက်ကို သေစေနိုင်လောက်တဲ့ဒဏ်ရာတွေမဟုတ်ဘူး။ ဒါပေမဲ့ ဗိုက်ကိုအကန်ခံရတဲ့ဒဏ်ရာက အတွင်းကလီစာတွေကို ထိခိုက်သွားနိုင်တယ်။ လက်ရှိမှာတော့ အလောင်းကို မှုခင်းဆရာဝန်ကြီးနဲ့ သေချာစစ်ဆေးခိုင်းထားပါတယ်" ဟုဆိုသည်။အဆိုပါဖြစ်စဉ်ကို ဗဟန်းမြို့မရဲစခန်း (ပ) ၅၁၉/၂၀၁၄၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၀၂ ဖြင့် စစ်ဆေးလျက်ရှိကြောင်း သိရသည်။သရုပ်ဆောင်ဒါရိုက်တာ မင်းအုပ်စိုးသည် ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလအတွင်းကလည်း တာမွေမြို့နယ် ဖိုးစိန်လမ်းအတွင်း အရက်သေစာသောက်စားမူးယစ်ကာ လမ်းအတွင်းရှိသစ်ပင်အား မီးရှို့ခြင်း၊ လာရောက်မီးငြှိမ်းသတ်ခဲ့သော မီးသတ်တပ်ဖွဲ့ဝင်များအားဆဲဆိုခြင်း၊ လုံခြုံရေးလုပ်ဆောင်ရန်ရောက်ရှိလာသော တာမွေရဲစခန်းမှ ရဲကားကို လက်သီးဖြင့်ထိုးခြင်းတို့ပြုလုပ်ခဲ့ခြင်းကြောင့် ဗဟန်းရဲစခန်းမှ ပြည်သူပိုင်ပစ္စည်းဖျက်စီးမှု မီးရှို့မှုတို့ဖြင့် သက်ဆိုင်ရာရဲစခန်းမှ တရားစွဲခဲ့သည်။၂၀၁၃ ဇူလိုင် ၃ ရက်တွင် ဗဟန်းမြို့နယ်တရားရုံးမှ မင်းအုပ်စိုးအား ပုဒ်မ ၆ (၁) ကျူးလွန်မှုမြောက်သဖြင့် ထောင်ဒဏ်သုံးလနှင့် ဒဏ်ငွေသုံးသိန်း၊ ပုဒ်မ ၄၃၅ ကျူးလွန်မှုမြောက်သဖြင့် ထောင်ဒဏ်တစ်ရက်နှင့် ငွေဒဏ် သုံးသိန်း ဗဟန်းမြို့နယ်တရားရုံးမှချမှတ်ခဲ့ကြောင်း၊ ထိုနောက် ဒါရိုက်တာမင်းအုပ်စိုးသည် ၂၀၁၃ ခုနှစ် အောက်တိုဘာ ၄ ရက်တွင် ပြန်လည်လွတ်မြောက်ခဲ့ကာ တစ်နှစ်နှင့် နှစ်လကျော်အကြာတွင် ယခုကဲ့သို့ပြစ်မှုကို ထပ်မံကျူးလွန်ခဲ့ခြင်းဖြစ်သည်။

Most Read

Most Recent