ဟောလိဝုဒ်အနုပညာရှင်များက အရှေ့အလယ်ပိုင်း အပစ်အခတ်ရပ်စဲရေးအတွက် တောင်းဆို

ဟောလိဝုဒ်အနုပညာရှင်များက အရှေ့အလယ်ပိုင်း အပစ်အခတ်ရပ်စဲရေးအတွက် တောင်းဆို
Photo - AP
Photo - AP
Published 21 October 2023

ကိတ်ဘလန်ချက်၊ ဂျိုအာကွင်းဖီးနစ်၊ ရေမီယုဆက်ဖ်နှင့် အန်ဒရူးဂါဖီးဒ်အပါအဝင် ဟောလိဝုဒ် A-List စာရင်းဝင် အနုပညာရှင်များက အောက်တိုဘာ ၂၀ ရက်တွင် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ထံ စာတစ်စောင်ပေးပို့ခဲ့ပြီး ဟားမာ့စ်နှင့်ဖြစ်ပွားနေသည့် အစ္စရေးစစ်ပွဲတွင် အပစ်အခတ်ရပ်စဲရေးအတွက် တောင်းဆိုပေးရန် ၎င်းကို တိုက်တွန်းပြောကြားခဲ့သည်။

ဒါဇင်နှင့်ချီသော ထိပ်တန်းဟောလိဝုဒ် အနုပညာရှင်များက နောက်ထပ်အသက်များ မဆုံးရှုံးမီ ဂါဇာနှင့် အစ္စရေးတို့တွင် တင်းမာမှုများကို ချက်ချင်းဖြေလျှော့ရေးနှင့် အပစ်အခတ်ချက်ချင်းရပ်စဲရေးတို့ကို အကောင်အထည်ဖော်နိုင်ရန်အတွက် လုပ်ဆောင်ပေးရန် ဘိုင်ဒင်ကို တောင်းဆိုခဲ့သည်။

“အမေရိကန်အစိုးရနဲ့ ကမ္ဘာ့ခေါင်းဆောင်တွေအားလုံးအနေနဲ့ မြင့်မြတ်တဲ့မြေပေါ်က လူ့အသက်တွေအားလုံးကို တန်ဖိုးထားပေးဖို့နဲ့ ဂါဇာမှာ ဗုံးကြဲတိုက်ခိုက်နေတာတွေကို နှောင့်နှေးခြင်းမရှိဘဲ အဆုံးသတ်ပေးဖို့နဲ့ ဓားစာခံတွေရဲ့ ဘေးကင်းလုံခြုံရေးအတွက် ဆောင်ရွက်ပေးရန် ကျွန်တော်တို့တွေ တိုက်တွန်းလိုက်ရပါတယ်”ဟု artists4ceasefire.org က ထုတ်ပြန်သည့်စာတွင် ဖော် ပြထားသည်။

“လူ့အသက်တွေကို ကယ်တင်ဖို့က ကိုယ်ကျင့်တရားဆိုင်ရာ ကျင့်ဝတ်တစ်ရပ်ဖြစ်ပါတယ်”ဟု စာတွင်ဖော်ပြထားသည်။

အောက်တိုဘာ ၇ ရက်က ဟားမာ့စ်စစ်သွေးကြွအဖွဲ့သည် ဂါဇာကမ်းမြောင်ဒေသမှ ထိတ်လန့်ဖွယ် ရော့ကတ်များဖြင့် တိုက်ခိုက်မှုကြောင့် အရပ်သားအများစုအပါအဝင် လူ ၁၄၀၀ ထက်မနည်း သေဆုံးခဲ့ပြီးနောက် အစ္စရေးက ဟားမာ့စ်ကို ဖျက်စီးသွားမည်ဟု ကတိပြုပြောကြားခဲ့သည်ဟု အစ္စရေးတာဝန်ရှိသူများက ဆိုသည်။

ဟားမာ့စ်တို့၏ တိုက်ခိုက်မှုကို တုံ့ပြန်သည့်အနေဖြင့် အစ္စရေးဗုံးကြဲလေယာဉ်များသည် မကြာမီ မြေပြင်ထိုးစစ်ဆင်မှုအတွက် ပြင်ဆင်နေချိန်တွင် ဂါဇာမြို့ကို လေကြောင်းမှတိုက်ခိုက်ခဲ့သောကြောင့် အရပ်သားအများစုအပါအဝင် ပါလက်စတိုင်း ၄၀၀၀ ကျော် သေဆုံးခဲ့သည်ဟု ဟားမာ့စ်ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

လွန်ခဲ့သည့်သီတင်းပတ်ကလည်း ဟောလိဝုဒ်အနုပညာရှင် ရာပေါင်းများစွာက ဟားမာ့စ်တိုက်ခိုက်ရေးသမားများ၏ လူမဆန်သောလုပ်ရပ်များကို ရှုတ်ချကြောင်း အိတ်ဖွင့်ပေးစာတစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ကြသည်။

Most Read

Most Recent