နာမည်ကျော် အီရန်ရုပ်ရှင်ဒါရိုက်တာ ဒဲရီးယက်မာဂျုနှင့် ဇနီးတို့ နေအိမ်တွင်အသတ်ခံရ

နာမည်ကျော် အီရန်ရုပ်ရှင်ဒါရိုက်တာ ဒဲရီးယက်မာဂျုနှင့် ဇနီးတို့ နေအိမ်တွင်အသတ်ခံရ
Photo: AFP
Photo: AFP
Published 17 October 2023

အီရန်နိုင်ငံ၏ အကျော်ကြားဆုံး ရုပ်ရှင် ဒါရိုက်တာများထဲမှ တစ်ဦးဖြစ်သည့် ဒဲရီးယက် မာဂျူနှင့် ဇနီးတို့ အောက်တိုဘာ ၁၄ ရက်ညပိုင်းက မြို့တော်တဟီရန်အနီးရှိနေအိမ်တွင်  အသတ်ခံခဲ့ရသည်။

အယ်ဘော့ဇ်ပြည်နယ်၏ တရားရေးအကြီးအကဲတစ်ဦးကမူ မာဂျူနှင့်ဇနီး  ဗာဟီဒေမိုဟာမာဒီဖာသည် လည်ပင်းနေရာသို့ ဓားချက်များစွာထိုးသွင်းခံရပြီး သေဆုံးသွားခြင်းဖြစ်သည်ဟု ပြောဆိုထားသည်။ဆက် လက်ပြီး တရားရေးအကြီးအကဲကမာဂျူသည် အောက်တိုဘာ ၁၄ ရက်ည ဒေသစံတော်ချိန်   ည ၉ နာရီခန့်တွင် သမီးဖြစ်သူမိုနာထံ ညစာ လာစားရန် စာပို့ဖိတ်ခေါ်ခဲ့ပြီး တစ်နာရီခွဲအကြာတွင် အိမ်သို့  မိုနာရောက်လာသည့်အခါ  မိဘနှစ်ဦး ဒဏ်ရာဒဏ်ချက်များဖြင့် သေဆုံးနေသည်ကို တွေ့ခဲ့သည်ဟု ပြောသည်။

ရဲတပ်ဖွဲ့ထုတ်ပြန်ချက်အရ မာဂျူ၏ နေအိမ်သို့ အတင်းဝင်ရောက်ထားသည့် လက္ခဏာတစ်စုံတစ်ရာ မတွေ့ရ ၊ နေအိမ်တံခါးများ ဖျက်ဆီးခံထားရပုံလည်း မရှိပေ။သို့သော် လူသတ်သမားနှင့် ဆက်စပ်နေမည် ယူဆရသည့်  သဲလွန်စများ တွေ့သည်ဟု ရဲတပ်ဖွဲ့ကပြောသည်။ အီရန်သတင်းဌာန ISNA ကြေညာသွားချက်အရ သံသယဖြစ်ဖွယ်လေးဦးကို ဖော်ထုတ်သိရှိထားပြီးနှစ်ဦးကို ဖမ်းဆီးထားသည်။

အခင်းဖြစ်ပြီး နောက်တစ်နေ့တွင် Etemad သတင်းစာက မာဂျူ၏ဇနီးဖြေထားသည့် အင်တာဗျူးတစ်ခုကို ဖော်ပြခဲ့သည်။ ဇနီးဖြစ်သူပြောထားသည်မှာ ခြိမ်းခြောက်မှုနှင့် သူကြုံနေရပြီး အိမ်လည်းဖောက်ထွင်းခံထား ရသည်ဟူ၍ဖြစ်သည်။

၁၉၃၉ ခုနှစ် ၊ ဒီဇင်ဘာ ၈ ရက်က တဟီရန်မြို့တွင် မွေးဖွားခဲ့သည့် မာဂျူသည်  အမေရိကန်တွင် ဒဿနိကဗေဒကို သင်ယူခဲ့ပြီး အီရန်သို့ပြန်လာပြီးသည့်နောက် မဂ္ဂဇင်းတစ်ခု ထုတ်ဝေခဲ့ကာ ၁၉၆၇ ခုနှစ်တွင် ပထမဆုံးရုပ်ရှင် Diamond 33 ကို ရိုက်ကူးခဲ့သည်။အီရန်ယဉ်ကျေးမှုဝန်ကြီး မိုဟာမက်မက်ဒီက သူ့ကို အီရန်ရုပ်ရှင်လောက၏ ရှေ့ဆောင်တစ်ဦးဟုလည်း ချီးကျူးခဲ့သည်။

Mr Gullible ၊ The Cycle စသည့် နာမည်ကျော်ဇာတ်ကားများစွာ သူဖန်တီးခဲ့ပြီး ၁၉၇၉ ခုနှစ် အစ္စလမ်မစ်တော်လှန်ရေးဖြစ်ပြီးနောက် အီရန်ကို စွန့်ခွာသွားကာ ၁၉၈၀ နှင့်  ၁၉၈၅ ခုနှစ်အကြား ပြင်သစ်တွင်နေထိုင်ခဲ့သည်။အီရန်သို့ပြန်လာပြီးနောက် သူရိုက်ကူးခဲ့သည့် The Tenants ရုံတင်ဇာတ်ကားသည် ၁၉၈၀ ပြည့်လွန်နှစ်များအတွင်း အကောင်းဆုံးအီရန်ဇာတ်မြူးရုပ်ရှင် ဖြစ်လာခဲ့သည်။

Most Read

Most Recent