ကျန်းမာရေးအခြေအနေကြောင့် တေးသီချင်းများ ဖန်တီးသီဆိုမှုမှ ခေတ္တအနားယူမည်ဟု ရက်ပ်အဆိုတော်ဒရိတ် ပြောကြား

ကျန်းမာရေးအခြေအနေကြောင့် တေးသီချင်းများ ဖန်တီးသီဆိုမှုမှ ခေတ္တအနားယူမည်ဟု ရက်ပ်အဆိုတော်ဒရိတ် ပြောကြား
Photo - AFP
Photo - AFP
Published 7 October 2023

ကနေဒါရက်ပ်အဆိုတော် ဒရိတ်က ၎င်း၏ နောက်ဆုံးအယ်လ်ဘမ် ထွက်ရှိလာခဲ့ပြီးနောက် နာရီပိုင်းအကြာတွင် မကြာခဏ ပြန်လည်ဖြစ်ပေါ်နေသော အစာအိမ်ပြဿနာကို အာရုံစိုက်ရန်အတွက် တေးဂီတ ဖန်တီးသီဆိုမှုများမှ ခေတ္တအနားယူမည်ဖြစ်ကြောင်း အောက်တိုဘာ ၆ ရက်တွင် ပြောကြားခဲ့သည်။

“ကျွန်တော် အချိန်ကာလတစ်ခုအထိတော့ သီချင်းတွေ ဖန်တီးနိုင်လောက်မှာ မဟုတ်ပါဘူး။ ကျွန်တော် အရိုးသားဆုံးပြောပြတာပါ”ဟု ဒရိတ်က ပြောကြားခဲ့ပြီး “ကျွန်တော့်ရဲ့ ကျန်းမာရေးကို ပထမဆုံးနဲ့ အဓိက အာရုံစိုက်ဖို့ လိုအပ်ပါတယ်။ ကျွန်တော် ပြန်လည်နာလန်ထူဖို့ အချိန်လိုအပ်ပါတယ်”ဟု ၎င်းက ပြောကြားခဲ့သည်။

“ကျွန်တော့်အစာအိမ်နဲ့ နှစ်ပေါင်းများစွာကြာ ပြဿနာကြုံနေရပါတယ်”ဟု ၎င်းက ဆိုသည်။

အသက် ၃၆ နှစ်အရွယ် ဂရမ်မီဆုရှင် ဒရိတ်က ကာလကြာရှည်စောင့်ဆိုင်းခဲ့ရသော “For All The Dogs” အယ်လ်ဘမ် ထွက်ရှိလာခဲ့ပြီး ယင်းအယ်လ်ဘမ်ထဲတွင် Bad Bunny၊ J.Cole ၊ SZA ၊ Lil Yachty အစရှိသော အဆိုတော်များက ပါဝင်သီဆိုခဲ့သည်။

၎င်း၏ အသက်ငါးနှစ်အရွယ် သားဖြစ်သူ အဒိုးနစ်က အယ်လ်ဘမ်ကာဗာအတွက် သရုပ်ဖော်ပုံဆွဲပေးခဲ့သည်ဟု သိရသည်။

ဒရိတ်၏ ခေတ္တအနားယူမှုသည် အမေရိကန်တွင်ပြုလုပ်မည့် လာမည့်ဖျော်ဖြေပွဲအများအပြားကို ဖျက်သိမ်း သို့မဟုတ် ရွှေ့ဆိုင်းမှုများ ရှိလာနိုင်သည်ဟု ၎င်း၏ဝက်ဘ်ဆိုဒ်နှင့် Ticketmaster တို့က ထုတ်ပြန်ခဲ့သည်။

သို့သော် တိုရွန်တိုတွင် အောက်တိုဘာ ၆ ရက်နှင့် ၇ ရက်တို့တွင် ပြုလုပ်ရန်စီစဉ်ထားသော ဖျော်ဖြေပွဲများတွင် ပရိသတ်များက တန်းစီစောင့်ဆိုင်းနေပြီးဖြစ်သည့်အတွက် ထိုဖျော်ဖြေပွဲများကို ဆက်လက်လုပ်ဆောင်ခဲ့ဖွယ်ရှိသည်။

“ကျွန်တော် ကတိပေးခဲ့တဲ့ အခြားလူတွေအတွက် လုပ်ပေးဖို့လိုအပ်တဲ့ အချို့အရာတွေ ရှိနေပါတယ်”ဟု ဒရိတ်က ဆိုသည်။

Most Read

Most Recent