ဆင်ဆာဖြတ်တောက်မှုဆိုင်ရာ အငြင်းပွားမှုများကြောင့် တူရကီရုပ်ရှင်ပွဲတော်ကို ဖျက်သိမ်း

ဆင်ဆာဖြတ်တောက်မှုဆိုင်ရာ အငြင်းပွားမှုများကြောင့် တူရကီရုပ်ရှင်ပွဲတော်ကို ဖျက်သိမ်း
Photo – Arab News
Photo – Arab News
Published 30 September 2023

၂၀၁၆ ခုနှစ်တွင် အာဏာသိမ်းရန်ကြိုးပမ်းမှုနောက်ဆက်တွဲ တရားစီရင်ရေးသုတ်သင်ရှင်းလင်းမှုများအကြောင်း ရိုက်ကူးထားသည့် မှတ်တမ်းရုပ်ရှင်တစ်ခုနှင့်ပတ်သက်၍  အငြင်းပွားမှုများ ထွက်ပေါ်လာခဲ့ပြီးနောက် တူရကီတွင်ကျင်းပမည့် နိုင်ငံတကာရုပ်ရှင်ပွဲတော်တစ်ခုကို ဖျက်သိမ်းခဲ့သည်ဟု အာဏာပိုင်များက စက်တင်ဘာ ၂၉ ရက်တွင် ပြောကြားခဲ့သည်။

မအောင်မြင်သော စစ်တပ်အာဏာသိမ်းမှုမှ လွတ်မြောက်ခဲ့ပြီးနောက် တူရကီသမ္မတ ရီဆပ်တေးရစ်အာဒိုဂန်၏ ဖြိုခွင်းမှုဒဏ်ခံရသော ဆရာဝန်တစ်ဦးနှင့် ကျောင်းဆရာတစ်ဦး၏ အတိဒုက္ခရောက်ခဲ့သည့်အကြောင်း မှတ်တမ်း ရုပ်ရှင်ဖြစ်သည့်  “The Decree” နှင့်ပတ်သက်၍ အငြင်းပွားမှုများ ဖြစ်ပွားနေခြင်းဖြစ်သည်။

ယင်းရုပ်ရှင်ကို Antalya Golden Orange ရုပ်ရှင်ပွဲတော်အတွက် ကနဦးရွေးချယ်ထားသော်လည်း လွန်ခဲ့သည့်သီတင်းပတ်က ယင်းရုပ်ရှင်ကို ဖယ်ထုတ်ခဲ့သောကြောင့် ဆင်ဆာဖြတ်တောက်မှုနှင့်ပတ်သက်၍ ရှုတ်ချခဲ့သော ရုပ်ရှင်ထုတ်လုပ်သူများမှ အုတ်အော်သောင်းတင်း ဝေဖန်မှုများထွက်ပေါ်ခဲ့သည်။

ယင်းရုပ်ရှင်ကို ပြန်လည်ထည့်သွင်းခြင်း မပြုလျှင် ရုပ်ရှင်ပွဲတော်၏ ဂျူရီအဖွဲ့ဝင်များက နုတ်ထွက်မည်ဟု ခြိမ်းခြောက်ခဲ့ပြီးနောက် ပွဲစီစဉ်သူများက ယင်းရုပ်ရှင်ကို ပြန်လည်ရွေးချယ်ထည့်သွင်းခဲ့သော်လည်း ယဉ်ကျေးမှုဝန်ကြီးဌာနက ကန့်ကွက်ခဲ့ပြီးနောက် တစ်ဖန် ပြန်လည်ထုတ်ပယ်ခဲ့သည်။

“ပြင်ပပြုပြင်မှုတွေကြောင့် အောက်တိုဘာ ၇ ရက်ကနေ ၁၄ ရက် ကြား ပြုလုပ်ဖို့ စီစဉ်ထားတဲ့ ကျွန်တော်တို့ရဲ့ ရုပ်ရှင်ပွဲတော်ကို ဖျက်သိမ်းဖို့ ရုပ်ရှင်ချစ်ပရိသတ်တွေကို စိတ်မကောင်းစွာနဲ့ အသိပေးလိုက်ရပါတယ်”ဟု အန်တယ်ရာမြို့တော်ဝန်က ဆိုသည်။

ယဉ်ကျေးမှုဝန်ကြီးဌာနက ပွဲတော်အပေါ် ၎င်း၏ထောက်ပံ့မှုကို ရုပ်သိမ်းခဲ့ပြီး ယင်းရုပ်ရှင်ကို ၂၀၁၆ အာဏာသိမ်းရန်ကြိုးပမ်းမှု နောက်ကွယ်တွင်ရှိသည်ဟု စွပ်စွဲခံထားရသည့် ဘုန်းတော်ကြီး ဖာသူလာဂူလန်အတွက် ၀ါဒ ဖြန့်မှုဖြစ်သည်ဟု ပြောကြားခဲ့သည်။

Most Read

Most Recent