အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်းလိုင်း (MAI) က ရန်ကုန်-ဗီယက်နမ်ခရီးစဉ်ကို လာမည့်အောက်တိုဘာ ၂၉ ရက်မှစ၍ တစ်ပတ်လျှင် ခြောက်ကြိမ်အထိ တိုးမြှင့်ပျံသန်းမည်

အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်းလိုင်း (MAI) က ရန်ကုန်-ဗီယက်နမ်ခရီးစဉ်ကို လာမည့်အောက်တိုဘာ ၂၉ ရက်မှစ၍ တစ်ပတ်လျှင် ခြောက်ကြိမ်အထိ တိုးမြှင့်ပျံသန်းမည်
Published 20 September 2023

အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း လိုင်း (MAI) က ရန်ကုန်-ဗီယက်နမ် ခရီးစဉ်အား လာမည့်အောက်တိုဘာ ၂၉ ရက်မှ စတင်ကာ တစ်ပတ်လျှင် ခြောက်ကြိမ်အထိ တိုးမြှင့်ပျံသန်းမည်ဖြစ်ကြောင်း ယင်းလေကြောင်းလိုင်း၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

လက်ရှိတွင် (MAI) ကရန်ကုန်-ဟနွိုင်း ခရီးစဉ်အား တစ်ပတ်လျှင်သုုံးကြိမ်ပျံသန်းနေပြီး၊ ရန်ကုန်-ဟိုချီမင်းခရီးစဉ်အား တစ်ပတ်လျှင်နှစ်ကြိမ်ပျံသန်းနေခြင်းဖြစ်သည်။ အပြည်ပြည်ဆိုင်ရာမြန်မာလေ ကြောင်း    လိုင်း (MAI) က ရန်ကုန်-ဗုဒ္ဓဂယာ ခရီးစဉ်အား လာမည့်အောက်တိုဘာ ၁၄ ရက်မှ စတင်ကာ အပတ်စဉ်ပျံသန်းသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ယင်းပြင်အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်းလိုင်း (MAI)သည် အိန္ဒိယနိုင်ငံသို့ အပတ်စဉ် ရကြိမ်အထိ ပျံသန်းနေပြီး ခရီးစဉ်များကို ၁၁၂ ဒေါ်လာမှ စတင်ကာ ရောင်းချနေကြောင်း သိရသည်။ (MAI) လေကြောင်းလိုင်းသည် ရန်ကုန်မှ နယူးဒေလီသို့ တစ်ပတ်လျှင်သုံးကြိမ်၊ ကာလကတ္တားနှင့် ချန်နိုင်းသို့ တစ်ပတ်လျှင် နှစ်ကြိမ်လေကြောင်းခရီးစဉ်များ ပျံသန်းနေခြင်းဖြစ်သည်။

အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်းလိုင်း (MAI) က My Indo လေကြောင်းလိုင်းနှင့်ပူးပေါင်း၍ လေကြောင်းကုန်စည်သယ်ယူ ပို့ဆောင်ရေးကဏ္ဍဆောင်ရွက်ရန် Boeing 737 ကုန်တင်လေယာဉ်ဖြင့် ခရီးစဉ်ပျံသန်းမည်ဖြစ်ကြောင်း သတင်းရရှိသည်။

အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်းလိုင်း (MAI) က မြန်မာနိုင်ငံလေကြောင်း ကုန်စည်ပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်ရန်အတွက် Boeing 737 ကုန်တင်လေယာဉ်သည် စက်တင်ဘာ ၁၃ ရက်က ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိလာခဲ့ကြောင်း သတင်းရရှိသည်။

(MAI) သည်  My Indo လေကြောင်းလိုင်း(2Y)နှင့် ACMI စနစ်ကို အခြေခံကာ အကျိုးတူပူးပါင်း၍ အဆိုပါ ကုန်တင်လေယာဉ်ကို ပျံသန်းပြေးဆွဲသွားမည်ဟု ဆိုသည်။

Boeing 737 ကုန်တင်လေယာဉ် စတင်မိတ်ဆက်မှုသည် လေကြောင်းလိုင်း၏ ကတိကဝတ်ဖြစ်သည့် လေကြောင်း ကုန်စည် သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုများကို တိုးမြှင့်ခြင်း၊ ကုန်စည်စီးဆင်းမှုမှတဆင့် မြန်မာနိုင်ငံ၏ စီးပွားရေးတိုးတက်မှုကို မြှင့်တင်ပေးခြင်းနှင့် နိုင်ငံကို ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်ရေး လမ်းကြောင်းများသို့ ချိတ်ဆက်ပေးခြင်းတို့အတွက် အထောက်အပံ့တစ်ခုဖြစ်လာမည်ဖြစ်ကြောင်း သိရသည်။

“မြန်မာနိုင်ငံနဲ့ နိုင်ငံရဲ့ စီးပွားရေး လုပ်ငန်းများ၊ ပြည်သူများရဲ့ လိုအပ်ချက်များကို အထောက်အကူပြု ဖြည့်ဆည်းပေးနိုင်ရန်အတွက် ကျွန်တော်တို့က အစဉ်အလေးထား ကြိုးပမ်းလျက်ရှိပါတယ်။ ယခုကဲ့သို့ နိုင်ငံတွင်း တွင်အကြီးဆုံးဖြစ်လာမည့် Boeing 737 ကုန်တင်လေယာဉ်၏ ဝမ်းဗိုက်အတွင်းတွင် ပိုမိုများပြားသော ကုန်စည်များ တင်ဆောင်နိုင်မှု၊ ကုန်စည်ထုထည် အရွယ်အစားမျိုးစုံနှင့် အမျိုးအစားအစုံကို သယ်ယူပို့ဆောင်နိုင်မှုများကို မိတ်ဆက်ပေးခြင်းသည် ကျွန်တော်တို့ရဲ့ရည်မှန်းချက်ဖြစ်တဲ့ လေကြောင်းကုန်စည် သယ်ယူပို့ဆောင်ရေးလုပ်ငန်းကဏ္ဍအား မြှင့်တင်ရေးအတွက် လက်တွေ့အကောင်အထည်ဖော်ဆောင်ရာမှာ သိသာထင်ရှားတဲ့ ခြေလှမ်းသစ်တစ်ခုပဲဖြစ်ပါတယ်။ (MAI) မှ ကျွန်တော်တို့ရဲ့ မိတ်ဖက်လုပ်ငန်းရှင်များကို ယခုကုန်တင်လေယာဉ်ရဲ့ ကုန်စည်သယ်ယူပို့ဆောင်နိုင်မှုများကို လေ့လာအသုံးပြုနိုင်ဖို့ ဖိတ်ခေါ်ပါတယ်” ဟု (MAI) ၏ Chief Commercial Officer(COO) Mr.Tanes Kumar က ပြောကြားသည်။

(MAI) ၏ Boeing 737 ကုန်တင်လေယာဉ်သည် ပင်မကုန်းပတ်တွင် ကုန်စည်တင်ရန် pallet ရှစ်ခုပါရှိသောကြောင့် palletize cargo များနှင့် ထုထည်အရွယ်အစားကြီးမားသော ကုန်ပစ္စည်းများ၊ အန္တရာယ်ရှိသော ကုန်ပစ္စည်းများအပါအဝင် ကုန်စည်အမျိုးအစား စုံကို ၁၅တန်အထိ သယ်ယူပို့ဆောင်ပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent