လီဆာက “ASEAN Hall of Fame” စာရင်းတွင် ထည့်သွင်းဂုဏ်ပြုခံရမည့် ပထမဆုံး ကေပေ့ါအဆိုတော်ဖြစ်လာ

လီဆာက “ASEAN Hall of Fame” စာရင်းတွင် ထည့်သွင်းဂုဏ်ပြုခံရမည့် ပထမဆုံး ကေပေ့ါအဆိုတော်ဖြစ်လာ
Photo: Allkpop
Photo: Allkpop
Published 20 September 2023

အဖွဲ့လိုက်ရော၊ တစ်ဦးချင်းစီပါ လျှမ်းလျှမ်းတောက်အောင်မြင်နေသည့် ကမ္ဘာကျော်ကေပေါ့အဖွဲ့ BLACKPINK အဖွဲ့မှ လီဆာသည် ‘ASEAN Hall of Fame’ စာရင်းတွင် ပါဝင်သွားပြီး ထိုသို့အသိအမှတ်ပြုခံရသည့် ပထမဆုံး ကေပေါ့အဆိုတော်ဖြစ်လာခဲ့သည်။

‘ASEAN Hall of Fame’ ဆိုသည်မှာ နိုင်ငံတကာမှ ထင်ရှားကျော်ကြားသူများ၊ ယဉ်ကျေးမှုဆိုင်ရာ ကြီးမားသည့်အားထုတ်မှု၊ သက်ရောက်မှုရှိထားသူများကိုသာ ရွေးချယ်ဂုဏ်ပြုသည့် စာရင်းဖြစ်ပြီး ထိုစာရင်းဝင် ဖြစ်ရန်မှာ မလွယ်ကူလှပေ။

၂၀၀၄ ခုနှစ်တွင်စတင်ကာ ရွေးချယ်ဂုဏ်ပြုလာခြင်းဖြစ်ပြီး ကွယ်လွန်သွားပြီဖြစ်သည့် (Queen ရော့ခ်ဂီတအဖွဲ့မှ) အဆိုတော် ဖရက်ဒီမာကျူရီလည်း ထိုစာရင်းတွင် ပါဝင်သည်။ယခုနှစ်ဆုပေးပွဲကို လာမည့်အောက်တိုဘာ ၂၁ ရက်တွင် လော့စ်အိန်ဂျလိစ်ရှိ Biltmore Hotel တွင် ကျင်းပသွားမည်။

လတ်တလောပရိသတ် ရင်အခုန်ဆုံးဖြစ်နေသည့်ကိစ္စက BLACKPINK အဖွဲ့နှင့် YG Entertainment အေဂျင်စီတို့ စာချုပ်သက်တမ်းတိုး၊ မတိုး ကိစ္စဖြစ်သည်။လီဆာက YG ကို ကျောခိုင်းမည် ၊ နှစ်ဖက်ညှိနှိုင်းရခက် နေကြသည်ဆိုသည့် သတင်းများလည်း ထွက်ခဲ့ပြီး စက်တင်ဘာ ၁၇ ရက်က ဆိုးလ်တွင်ကျင်းပသည့် Born Pink ကမ္ဘာလှည့်ဖျော်ဖြေမှု အပြီးသတ်ပွဲတွင် လီဆာနှင့်ဂျန်းနီတို့ ငိုခဲ့သဖြင့် BLACKPINK အဖွဲ့ကို နောက်ဆုံးမြင်ရသည့်ပွဲလားဟု ပရိသတ်များက ခန့်မှန်းနေကြသည်။ စက်တင်ဘာ ၁၄ ရက်တွင် Star News ကိုရီးယားမီဒီယာက လီဆာသည် စာချုပ်သက်တမ်းတိုးရေးအတွက် YG ဘက်က ကမ်းလှမ်းချက်နှစ်ခုကို ငြင်းထားသည်ဆိုသည့် သတင်းများထွက်နေသည်ဟု ဖော်ပြခဲ့သည်။

အချို့သတင်းများတွင်လည်း ထိုင်းနိုင်ငံဖွား အသက် ၂၆ နှစ်အရွယ်ရှိလီဆာကို ပြည်ပကုမ္ပဏီကြီးများက ကမ်းလှမ်းထားပြီး YG နှင့်ညှိနှိုင်းရအခက်ဆုံးက လီဆာဟုဆိုကြသည်။လီဆာသာ YG နှင့် ဆက်လက်မတွဲဘဲ  BLACKPINK အဖွဲ့မှထွက်ခွာမည်ဆိုပါကလည်း တစ်ကိုယ်တော်လှုပ်ရှားမှုများဖြင့် ဆက် အောင်မြင်နေမည့်သူမျိုးဖြစ်သည်။ ၂၀၂၂ ခုနှစ်အတွင်း ကုန်အမှတ်တံဆိပ်များကို ကြော် ငြာပေးသည့်အလုပ်ဖြင့်ပင် လီဆာ၏ဝင်ငွေမှာ မနည်းခဲ့ပေ။ထို့ကြောင့် YG နှင့်မပတ်သက်တော့လျှင်လည်း လွန်ခဲ့သည့်ခုနစ်နှစ်အတွင်း တည်ဆောက်ခဲ့သည့် အောင်မြင်မှုဖြင့် လီဆာ၏တစ်ကိုယ်တော်ခရီးလမ်းသည် ဆက်ပြီးလှပနေဖွယ်ရှိသည်။

 

Most Read

Most Recent