Wolverine သရုပ်ဆောင် ဟုချ်ဂျက်မန်းနှင့် ၎င်း၏ဇနီးတို့ လမ်းခွဲပြတ်စဲ

Wolverine သရုပ်ဆောင် ဟုချ်ဂျက်မန်းနှင့် ၎င်း၏ဇနီးတို့ လမ်းခွဲပြတ်စဲ
(Photo - AFP)
(Photo - AFP)
Published 16 September 2023

အိမ်ထောင်သက် ၂၇ နှစ်ရှိသည့် Wolverine သရုပ်ဆောင် ဟုချ်ဂျက်မန်းနှင့် ၎င်း၏ဇနီးဖြစ်သူတို့ လမ်းခွဲပြတ်စဲခဲ့သည်ဟု အမေရိကန်မီဒီယာတွင် ထုတ်ပြန်ချက်တစ်ရပ် ကို စက်တင်ဘာ ၁၅ ရက်က ဖော်ပြခဲ့သည်။

အသက် ၅၄ နှစ်အရွယ် သြစတြေးလျ သရုပ်ဆောင် ဟုချ်ဂျက်မန်းနှင့် သရုပ်ဆောင် ဒယ်ဘိုရာလီဂျက်မန်းတို့သည် ၁၉၉၅ ခုနှစ်က သြစတြေးလျ ရုပ်မြင်သံကြားဇာတ်လမ်းတွဲ ရိုက်ကွင်းတစ်ခုတွင် တွေ့ဆုံခဲ့ပြီး တစ်နှစ်အကြာ ၁၉၉၆ ခုနှစ် ဧပြီ ၁၁ ရက်တွင် လက်ထပ်ထိမ်းမြားခဲ့ပြီး ဟောလိဝုဒ်၏ အချစ်ခံရဆုံးစုံတွဲများတွင် တစ်တွဲအပါအဝင် ဖြစ်လာခဲ့သည်။

“ကျွန်တော်တို့တွေ အံ့သြပျော်ရွှင်ပြီး ချစ်ခင်မှုတွေအပြည့်နဲ့ အိမ်ထောင်ရေးမှာ ခင်ပွန်းသည်နဲ့ ဇနီးသည်အဖြစ် နှစ်ပေါင်း ၃၀ နီးပါးကြာ အတူတကွ မျှဝေခဲ့ကြပါတယ်”ဟု People မဂ္ဂဇင်းတွင် ၎င်းတို့နှစ်ဦး၏ ပူးတွဲ ထုတ်ပြန်ချက်ကို ဖော်ပြထားသည်။

“အခုချိန်မှာတော့ ကျွန်တော်တို့ရဲ့ခရီးလမ်းဟာ အပြောင်းအလဲတွေရှိလာပြီး ကျွန်တော်တို့ တစ်ဦးချင်းစီရဲ့ တိုးတက်ရာ တိုးတက်ကြောင်း လမ်းကြောင်းကို လျှောက်လမ်းကြဖို့ လမ်းခွဲဖို့ ဆုံးဖြတ်ခဲ့ပါတယ်”ဟု ဆိုသည်။

“ကျွန်တော်တို့ မိသားစုကတော့ ကျွန်တော်တို့အတွက် အမြဲတမ်း အမြင့်ဆုံးဦးစားပေးဖြစ်နေမှာဖြစ်ပါတယ်။ ကျွန်တော်တို့တွေဘဝရဲ့ နောက်ထပ်အခန်းတစ်ခုကို ကျေးဇူးတင်မှုတွေ၊ ချစ်ခြင်းမေတ္တာတွေနဲ့ ကြင်နာမှုတွေနဲ့ ရှေ့ဆက်သွားမှာဖြစ်ပါတယ်”ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၎င်းတို့စုံတွဲတွင်  အသက် ၂၃ နှစ်အရွယ် အော်စကာနှင့် အသက် ၁၈ နှစ်အရွယ် အေဗာအမည်ရှိ ကလေးနှစ်ဦးရှိသည်ဟု သိရသည်။

“Les Miserables” ရုပ်ရှင်ဖြင့် ရွှေ ကမ္ဘာလုံးဆုကို ရရှိထားသည့် ဂျက်မန်းက Wolverine ဇာတ်ကောင်ဖြင့် လူသိများ ထင်ရှားသူဖြစ်သည်။

“ကျွန်တော်တို့ မိသားစုတွေက ဘဝရဲ့ အလှည့်အပြောင်းနဲ့ ကြုံတွေ့နေရချိန်မှာ ကျွန်တော်တို့ရဲ့ ပုဂ္ဂိုလ်ရေးကို လေးစားပေးတဲ့အတွက် ကျေးဇူးတင်ရှိပါတယ်”ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသော်လည်း နောက်ထပ် အသေးစိတ် ပြောကြားထားခြင်းမရှိပေ။

ဂျက်မန်း၏ တောင့်တင်းသော ကြွက်သားများနှင့် ခန္ဓာကိုယ်ကြောင့် ၂၀၀၈ ခုနှစ်တွင် People မဂ္ဂဇင်း၏ “သက်ရှိ ဆွဲဆောင်မှုအရှိဆုံး အမျိုးသား”အဖြစ် ဖော်ပြခံခဲ့ရသည်။

Most Read

Most Recent