ဗီးနစ်ရုပ်ရှင်ပွဲတော်၏ အမြင့်ဆုံးဆုကို အမ်မာစတုန်းပါဝင်သည့် Poor Things ဇာတ်ကားက ဆွတ်ခူးရရှိ

ဗီးနစ်ရုပ်ရှင်ပွဲတော်၏ အမြင့်ဆုံးဆုကို အမ်မာစတုန်းပါဝင်သည့် Poor Things ဇာတ်ကားက ဆွတ်ခူးရရှိ
Photo:Yahoo
Photo:Yahoo
Published 12 September 2023

မင်းသမီးအမ်မာစတုန်း ခေါင်းဆောင်ပါဝင်သရုပ်ဆောင်ထားသည့် Poor Things  ဇာတ်ကားက စက်တင်ဘာ ၉ ရက်တွင်ပြုလုပ်သည့် ဗီးနစ်ရုပ်ရှင်ပွဲတော်၏ အမြင့်ဆုံးဆု ရွှေခြင်္သေ့ဆုကို ဆွတ်ခူးသွားခဲ့သည်။ယခုနှစ်တွင် ရွှေခြင်္သေ့ဆုအတွက် ဇာတ်ကား၂၃ ကား ဝင်ရောက်ယှဉ်ပြိုင်ကြသည်။

“အဓိကဇာတ်ကောင်က ဘယ်လာဘတ်စတာပါ။ အမ်မာစတုန်းမပါဘဲ အဲဒီဇာတ်ကောင်ဆိုတာ ရှိလာမှာမဟုတ်ပါဘူး” ဟု Poor Things ရိုက်ကူးသူ ဂရိရုပ်ရှင်ဒါရိုက်တာ ယောဂို့စ်လန်သီမို့စ်က ပြောသည်။စက်တင်ဘာ ၁ ရက်တွင် ယင်းဇာတ်ကားကိုပြသခဲ့စဉ်ကလည်း ပွဲတော်တက်ရောက်လာသူများက ၁၀ မိနစ်ကြာ မတ်တတ်ရပ်လျက် လက်ခုပ်သြဘာများပေးခဲ့ကြသေးသည်။

ထိတ်လန့်ဖွယ်ကောင်းသော်လည်း ဟာသဖြစ်အောင် ရိုက်ကူးထားသည့် သိပ္ပံစိတ်ကူးယဉ် ဇာတ်ကားအမျိုးအစားဖြစ်ပြီး အမ်မာစတုန်းက ရူးနေသည့်သိပ္ပံပညာရှင်တစ်ဦးက အသက်ပြန်သွင်းပေးထားသူ၊သို့သော် ကလေးဦးနှောက်ဖြင့် အစားထိုးထားသည့်အတွက် ကလေးဆန်နေသူအဖြစ် မြင်တွေ့ရမည်။

၁၉၉၂ ခုနှစ်က ဝတ္ထုကို အခြေခံရိုက်ကူးထားသည့်  Poor Things တွင် ဘယ်လာဘတ်စတာဆိုသည့် ဇာတ်ရုပ်က အရှက်မရှိသူဟု ဒါရိုက်တာယောဂို့စ်က ကြိုပြောထားပြီးဖြစ်သည်။Rotten Tomatoes တွင် ယင်းဇာတ်ကားအပေါ် အဆင့်သတ်မှတ်ချက်က ၁၀၀ ရာခိုင်နှုန်းဖြစ်ပြီး ရုပ်ရှင်ဝေဖန်ရေးသမားများစွာကလည်း ချီးကျူးနေကြသည်။

ဗီးနစ်ရုပ်ရှင်ပွဲတော်တွင် ပြသည့်ဇာတ်ကားများက အော်စကာဆုပေးပွဲ၏ အလားအလာအကောင်းဆုံး ဇာတ်ကားများလည်း ဖြစ်နေတတ်သည်။ပွဲတော်ကာလ ၁၁ ရက် ကြာမြင့်ခဲ့ပြီး စက်တင်ဘာ ၉ ရက်တွင် အဆုံး သတ်ခဲ့သည်။သို့သော်ဟောလိဝုဒ်သရုပ်ဆောင်များ သပိတ်မှောက်နေမှုကြောင့် ပွဲတက်သူအနုပညာရှင် ယခင်နှစ်များကထက်  နည်းသွားခဲ့ပြီး  အမ်မာစတုန်းလည်း မတက်ခဲ့ပေ။

ဒုတိယဆုဖြစ်သည့် ငွေခြင်္သေ့ဆုကိုမူ ဂျပန်ဒါရိုက်တာ ဟာမာဂူချီရိုက်ကူးသည့်  Evil Does Not Exist အမည်ရှိဇာတ်ကားကက ရခဲ့ပြီး ပြိုင်ပွဲဝင်ဇာတ်ကား ၂၃ ကားအနက် တစ်ခုတည်းသော အာရှဇာတ်ကားဖြစ် သည်။

ဂျူရီဆု(အထူးဆု)ကို ရွှေ့ပြောင်းဒုက္ခ သည်များအကြောင်း ရိုက်ပြထားသည့် Green Border ဇာတ်ကားက ဆွတ်ခူးခဲ့သည်။

Most Read

Most Recent