တေလာဆွစ်က ၎င်း၏ ခမ်းနားသော Eras ကမ္ဘာလှည့်ဖျော်ဖြေပွဲကို ရုပ်ရှင်အဖြစ် ရုံတင်ပြသမည်ဟု ထုတ်ပြန်ကြေညာ

တေလာဆွစ်က ၎င်း၏ ခမ်းနားသော Eras ကမ္ဘာလှည့်ဖျော်ဖြေပွဲကို ရုပ်ရှင်အဖြစ် ရုံတင်ပြသမည်ဟု ထုတ်ပြန်ကြေညာ
Photo - AFP
Photo - AFP
Published 2 September 2023

နာမည်ကျော်အဆိုတော် တေလာဆွစ်က ၎င်း၏ခမ်းနားသော Eras ကမ္ဘာလှည့်ဖျော်ဖြေပွဲကြီးကို ရုပ်ရှင်အဖြစ် အောက်တိုဘာ ၁၃ ရက်တွင် ရုံတင်ပြသသွားမည်ဟု ထုတ်ပြန်ကြေညာခဲ့သည်။

“Eras Tour ဖျော်ဖြေပွဲကြီးဟာ ကျွန်မဘဝမှာ အဓိပ္ပာယ်အပြည့်အဝဆုံးနဲ့ ထူးခြားတဲ့ အတွေ့အကြုံဖြစ်ပါတယ်။ ဒီဖျော်ဖြေပွဲကြီးကို ရုပ်ရှင်အဖြစ် မကြာမီရုံတင်ပြသတော့မယ့်အကြောင်း ဝမ်းမြောက်ဝမ်းသာစွာနဲ့ ပြောပြလိုက်ပါတယ်”ဟု ဆွစ်က လူမှုမီဒီယာတွင် သြဂုတ် ၃၁ ရက်က ထုတ်ပြန်ကြေညာခဲ့သည်။

AMC ရုပ်ရှင်ရုံလုပ်ငန်းစုက အမေရိကန်တစ်ဝန်းရှိ ၎င်း၏ရုပ်ရှင်ရုံတစ်ရုံချင်းစီတွင် ကြာသပတေး၊ သောကြာ၊ စနေနှင့် တနင်္ဂနွေနေ့များတွင် တစ်ရက်ကို လေးကြိမ်ထက် မနည်း ယင်းရုပ်ရှင်ကို ထုတ်လွှင့်ပြသသွားမည်ဟု ကတိပြုခဲ့သည်။

လက်ရှိတွင် ရုပ်ရှင်လက်မှတ်များကို ဝယ်ယူရရှိနိုင်ပြီဖြစ်သည်။ AMC ကုမ္ပဏီက ၎င်းတို့ယခင်က ကြုံတွေ့ခဲ့ဖူးသည့် လက်မှတ် ဝယ်ယူမှုလမ်းကြောင်းကြပ်တည်းသည့်အခြေအနေကို ကိုင်တွယ်ဖြေရှင်းနိုင်ရန်အတွက် ၎င်း၏ဝက်ဘ်ဆိုဒ်နှင့် လက်မှတ်ရောင်းချမှု ဝန်ဆောင်မှုများကို အဆင့်မြှင့်တင်ထားသည်ဟု ပြောကြားခဲ့သည်။

“ဒါပေမဲ့ AMC အနေနဲ့ တေလာဆွစ် ပရိသတ်များရဲ့ လက်မှတ်ဝယ်လိုအား မြင့်တက်မှုအခြေအနေကို အဆင်ပြေစေနိုင်မယ့် သမိုင်းတစ်လျှောက် လက်မှတ်ရောင်းချမှုစနစ် မရှိသေးကြောင်း သတိပြုမိပါတယ်” ဟု ကုမ္ပဏီ၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားကာ လက်မှတ်ဝယ်သူများအနေဖြင့် နှောင့်နှေးကြန့်ကြာမှုနှင့် ပြတ်တောက်မှုများကို ကြုံတွေ့ရနိုင်ဖွယ်ရှိသည်ဟု သတိပေးထားသည်။

ယခုနှစ်အစောပိုင်းက တေလာဆွစ်၏ လူကြိုက်များသော ဖျော်ဖြေရေးခရီးစဉ်အတွက် လက်မှတ်ရောင်းချမှုများတွင် ကြီးမားသော အခက်အခဲ အနှောင့်အယှက်များ ကြုံတွေ့ခဲ့သည်။

သြဂုတ် ၃၁ ရက် မနက်ခင်းအထိ AMC ဝက်ဘ်ဆိုဒ်တွင် နယူးယောက်၌ သီတင်းပတ် ကုန်လက်မှတ်ရောင်းချမှုတွင် လက်မှတ်များအားလုံး ရောင်းကုန်သွားပြီဖြစ်ကြောင်း ကြေညာခဲ့သည်။ လက်မှတ်ခအနေဖြင့် အရွယ်ရောက်ပြီးသူများအတွက် ၁၉ ဒသမ ၈၉ ဒေါ်လာနှင့် ကလေးများနှင့် သက်ကြီးရွယ်အိုများအတွက် ၁၃ ဒသမ ၁၃ ဒေါ်လာဖြစ်သည်ဟု သိရသည်။