လက်ရှိအခြေအနေသည် ပြည်တွင်းဆန်စျေးနှုန်းကြီးမြင့်အောင် လှောင်လက်များက ရောင်းအားထိန်းထားပြီး ဆန်စျေးနှုန်းမြင့်တက်အောင် လုပ်ဆောင်နေသည့်အခြေအနေဖြစ်နေ

လက်ရှိအခြေအနေသည် ပြည်တွင်းဆန်စျေးနှုန်းကြီးမြင့်အောင် လှောင်လက်များက ရောင်းအားထိန်းထားပြီး ဆန်စျေးနှုန်းမြင့်တက်အောင် လုပ်ဆောင်နေသည့်အခြေအနေဖြစ်နေ
၀ါးတန်းဆန်ကုန်စည်ဒိုင်၌ ဆန်များ ရောင်းချနေမှုကို သြဂုတ် ၈ ရက်က တွေ့ရစဉ်(ဓာတ်ပုံ-ကြည်နိုင်)
၀ါးတန်းဆန်ကုန်စည်ဒိုင်၌ ဆန်များ ရောင်းချနေမှုကို သြဂုတ် ၈ ရက်က တွေ့ရစဉ်(ဓာတ်ပုံ-ကြည်နိုင်)
Published 2 September 2023

လက်ရှိအခြေအနေမှာ ပြည်တွင်းဆန်စျေးနှုန်းကြီးမြင့်အောင် လှောင်လက်များမှ ဖြစ်သင့်ဖြစ်ထိုက်သော အကျိုးအမြတ်ထက် ပိုမိုရရှိရန် ရည်ရွယ်၍ ရောင်းအားထိန်းထားပြီး  စပါး၊ ဆန်စျေးနှုန်းများ မြင့်တက်အောင် လုပ်ဆောင်နေသည့်အခြေအနေ ဖြစ်ပေါ်နေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

ယခုနှစ်တွင် ဆန်စပါးလုပ်ငန်းကို ပုံမှန် လုပ်ကိုင်ဆောင်ရွက်နေသူများမဟုတ်ဘဲ  ငွေများများ လက်ဝယ်ကိုင်ဆောင်ထားသူများက အမြတ်ရရှိရန် ရည်ရွယ်၍ ဆန်စပါး ဝယ်ယူသိုလှောင်မှုများပြုလုပ်ခဲ့ကြောင်း၊ လက်ရှိအခြေအနေမှာ ပြည်တွင်းစျေးနှုန်း ကြီးမြင့်အောင် လှောင်လက်များမှ ဖြစ်သင့်ဖြစ်ထိုက်သော အကျိုးအမြတ်ထက် ပိုမိုရရှိရန် ရည်ရွယ်၍ ရောင်းအားထိန်းထားပြီး  စပါး၊ ဆန်စျေးနှုန်းများ မြင့်တက်အောင် လုပ်ဆောင်နေသည့်အခြေအနေဖြစ်ပေါ်နေကြောင်း သိရသည်။

ထို့ကြောင့် ပြည်တွင်းစျေးနှုန်းတည်ငြိမ်စေပြီး စျေးနှုန်းထပ်မံမြင့်တက်မှုမရှိစေရေးနှင့် လှောင်လက်များ၏ စျေးကစားလိုသည့်  ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်နေခြင်းအပေါ် ထိန်းကျောင်းနိုင်ရေးတို့အတွက် သိုလှောင်ရုံ မှတ်ပုံတင်စနစ် ကျင့်သုံးခြင်းအစီအစဉ်ကို စတင်ဆောင်ရွက်နေကြောင်း၊ ပြည်ပသို့ ဆန် တင်ပို့မှုကို ဆိုင်းငံ့ခြင်းမပြုဘဲ ပြည်ပတင်ပို့ မည့်ဆန်နှင့်ဆန်ထွက်ပစ္စည်းများကို ကြိုတင် စိစစ်ပြီး ၁၀၀ ရာခိုင်နှုန်းအသင့်ရှိမှသာ ပို့ကုန်လိုင်စင် ခွင့်ပြုသည့်စနစ်ကို စက်တင်ဘာ ၁ ရက်မှ စတင်ကျင့်သုံးလျက်ရှိကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

“မနေ့ (သြဂုတ် ၃၁) က ဆိုရင် ရွှေဘို ထူးထူးရှယ် (ထိပ်စ)တွေ တစ်ပြည်ကို ၇၂၀၀  ဖြစ်နေပြီ။ တစ်အိတ်ကို ၁၆၆ဝဝတဲ့။  ကျွန်မတို့က ၆ ပြည်ပါတဲ့အိတ်ပဲ ပုံမှန်ဝယ်နေကျပါ။ ပြီးခဲ့တဲ့ ဇွန်၊ ဇူလိုင်မှာ ၆ ပြည်တစ်အိတ်ကို ၃၁၅၀၀ ပဲရှိသေးတယ်။ အခုဆိုရင်   ၄၁၅၀၀ ဖြစ်သွားပြီ။ တစ်လနှစ်လအတွင်းမှာတင် ၆ ပြည်တစ်အိတ်ကို ၁၀၀၀၀ တက်သွားတာ။ ကျန်တဲ့ဆန်ကြမ်းတွေပါ အကုန်တက်တာ”ဟု သင်္ဃန်းကျွန်းမြို့နယ်တွင် နေထိုင်သည့် အိမ်ရှင်မတစ်ဦးက ပြောကြားသည်။

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၊ မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်းနှင့် Exporter ကုမ္ပဏီကြီးများ၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် ဆန်စျေးနှုန်း တည်ငြိမ်စေရန် ပြည်တွင်းစားသုံးမှုများသည့် ဆန်များကို သြဂုတ် ၇ ရက်မှ စတင်၍ ရန်ကုန်မြို့ ၀ါးတန်းဆိပ်ကမ်းရှိ ဆန်စပါးကုန်စည်ဒိုင်၊ ဘုရင့်နောင်ရှိ ဆန်စပါးကုန်စည်ဒိုင်များတွင် ရောင်းချပေးခဲ့သည်။

ရန်ကုန်တိုင်းအတွင်းရှိ ဆန်ဆိုင် ၄၂ ဆိုင်တွင် ဧည့်မထဆန် တစ်ပြည် ကျပ် ၂၅၀၀ နှုန်းဖြင့် သြဂုတ် ၂၅ ရက်မှ စတင်ရောင်းချခဲ့ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ထုတ်ပြန်ထားသည်။

နေ့စဉ်ဆန်ဝယ်ယူသူများအား ကုန်စည်ဒိုင်များတွင် ရောင်းချပေးလျက်ရှိသကဲ့သို့ စက်မှုဇုန်များ၊ စက်ရုံများရှိ ဝန်ထမ်း၊ ကုမ္ပဏီဝန်ထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများအတွက်လည်း လိုအပ်ချက်အရ တင်ပြလာမှုအပေါ် ရောင်းချပေးနေခြင်းဖြစ်သည့်အပြင် လူနေရပ်ကွက်များအတွင်းသို့ ကားဖြင့် လှည့်လည်၍ ဧည့်မထအမျိုးအစား ဆန်တစ်ပြည်လျှင် ကျပ် ၂၅၀၀ နှုန်းဖြင့် ရောင်းချပေးမှုကိုလည်း ဆောင်ရွက်လျက်ရှိသည်။

ဆန်စျေးနှုန်းတည်ငြိမ်စေရန်နှင့် ကျဆင်းစေရန်အတွက် မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ မန္တလေး၊ ပဲခူးနှင့်  မကွေးတိုင်းဒေသကြီးတို့တွင်လည်း ဧည့်မထဆန်များကို သက်သာသောစျေးဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

Most Read

Most Recent