ဂျိုလီ၏ လက်ခလယ်တက်တူးသည် ဘရတ်ပစ်ကို ရည်ရွယ်ခြင်းမဟုတ်ဟု တက်တူးဆရာတုံ့ပြန်

ဂျိုလီ၏ လက်ခလယ်တက်တူးသည် ဘရတ်ပစ်ကို ရည်ရွယ်ခြင်းမဟုတ်ဟု တက်တူးဆရာတုံ့ပြန်
Photo:HT
Photo:HT
Published 25 August 2023

အိန်ဂျလီနာဂျိုလီ၏ လက်ခလယ်နှစ်ဖက်တွင် တက်တူးထိုးထားသည့်ကိစ္စကို လတ်တလော လူပြောများနေကြပြီး ခင်ပွန်းဟောင်း ဘရတ်ပစ်နှင့် ဆိုင်လိမ့်မည်ဟု ပရိသတ်အများစုက ထင်မှတ်နေကြသည်။

သို့သော် ထိုယူဆချက်များမဟုတ်ဟု ထိုးပေးခဲ့သည့် တက်တူးဆရာက ပြန်လည်တုံ့ပြန်ထားပြီး တကယ့်တက်တူးပုံအစစ်ကို မကြာမီပြမည်ဟု ကြေညာထားသည်။

တက်တူးဆရာ မစ္စတာကေဆိုသူက ဟောလိဝုဒ်မင်းသမီး ဂျိုလီကို သူတက်တူးထိုး ခွင့်ရခဲ့ကြောင်း သြဂုတ်၂၂ ရက်က အင်စတာဂရမ်တွင် တင်ခဲ့သည်။သို့သော် တက်တူးပုံကိုဝါးထားခဲ့သဖြင့် ဘရတ်ပစ်နှင့်ပတ်သက်နေ သည်ဆိုသည့် ခန့်မှန်းမှတ်ချက်များထွက်လာခဲ့သည်။ မစ္စတာကေက ဘရတ်ပစ်နှင့်ဆိုင်သည့် တက်တူးမဟုတ်၊ တက်တူးပုံအစစ်ကို  သိပ်မကြာမီ တင်ပေးမည်ဟု ပြန်ရေးခဲ့သည်။

အချို့ပရိသတ်များကလည်း ဂျိုလီ၏လက်ကို  သဘောကျချီးကျူးကြသည်။“လက်ဖဝါးလေးတောင်မှ ဒီလောက်လှရသလား” ဟု မှတ်ချက်ပေးလာကြသည်။

အိန်ဂျလီနာဂျိုလီသည် ဘရတ်ပစ်နှင့် ၁၂ နှစ်ကြာ အတူလက်တွဲလာခဲ့ပြီး အိမ်ထောင်သက်နှစ်နှစ်အကြာတွင် ဂျိုလီဘက်မှ ကွာရှင်းခွင့်တောင်းခံခဲ့သည်။ သူတို့နှစ်ဦးတွင် သားသမီးခြောက်ဦးရှိသည်။ ပိုင်ဆိုင်မှုကိစ္စ အပါအဝင် အခြားပြဿနာများကြောင့် နှစ်ဦးသား ဥပဒေကြောင်းအရ ရင်ဆိုင်ထားသည်များလည်းရှိပြီး  ပြီးခဲ့သည့်ဇွန်တွင် နှစ်ဦးစလုံးပိုင် ပြင်သစ်စပျစ်ခြံမှ အစိတ်အပိုင်းအချို့ကို ဂျိုလီက သူ့မတိုင်ပင်ဘဲ ရောင်းလိုက်သည့် ကိစ္စဖြင့် ဘရတ်ပစ်က ဂျိုလီကို တရားစွဲခဲ့သည်။ သူတို့နှစ်ဦးသည် ၂၀၁၉ ခုနှစ်တွင်  တရားသူကြီးတစ်ဦး၏ အမိန့်ကြေညာချက်ဖြင့် တရားဝင် Single ဖြစ်ထားကြသည်။