၂၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် လေးလ ကျော်အတွင်း မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှုကဏ္ဍတွင် ကုန်သွယ်မှုလိုငွေ ဒေါ်လာ ၇၆၅ သန်းကျော် ဖြစ်ပေါ်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည့်စာရင်းများအရ သိရသည်။
၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ သြဂုတ် ၁၁ ရက်အထိ ပို့ကုန်တန်ဖိုးဒေါ် လာ ၅၆၆၀ ဒသမ ၆၁၀ သန်း၊ သွင်းကုန်တန်ဖိုး ဒေါ်လာ ၆၄၂၅ ဒသမ၈၅၃ သန်းရှိခဲ့ကာ ကုန် သွယ်မှုပမာဏဒေါ်လာ ၁၂၀၈၆ ဒသမ ၄၆၃ သန်းအထိရရှိခဲ့သည်။ ယင်းအနက်သွင်းကုန် တင်သွင်းမှုမှာ ပို့ကုန်တင်ပို့မှုထက် ဒေါ်လာ ၇၆၅ သန်းကျော်ဖြစ်ပေါ်ခဲ့ပြီး ကုန်သွယ်မှုလို ငွေဒေါ်လာ ၇၆၅ ဒသမ ၂၄၃ သန်း ဖြစ်ပေါ်ခဲ့သည်။
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဧပြီမှ မတ် ၃၁ ရက်အထိ မြန်မာနိုင်ငံ၏ စုစုပေါင်း ကုန်သွယ်မှုပမာဏဒေါ်လာ ၃၃ ဒသမ ၉၂၅ ဘီလျံ ရှိပြီး ယခင်နှစ်ကာလတူက ဒေါ်လာ ၃၀ ဒသ မ ၃၅၁ ဘီလျံရှိသည်။ ၂၀၂၂-၂၀၂၃ ဘဏ္ဍာ နှစ်မှာယခင်နှစ်ကာလတူထက် ပြည်ပကုန်သွယ်မှု ဒေါ်လာ ၃ ဒသမ ၅၇၃ ဘီလျံအထိ ပိုမိုဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။
အဆိုပါကာလအတွင်း ပြည်ပနိုင်ငံများသို့ တင်ပို့သည့် ပို့ကုန်ပမာဏဒေါ်လာ ၁၆ ဒသမ ၅၇၅ ဘီလျံရှိပြီး ယခင်နှစ်ကာလတူထက် ၁ ဒသမ ၀၈၄ ဘီလျံ ပိုမိုတင်ပို့နိုင်ခဲ့ ခြင်းဖြစ်သည်။
ထို့အတူ ပြည်ပနိုင်ငံများမှ တင်သွင်းသည့်သွင်းကုန်ပမာဏဒေါ်လာ ၁၇ ဒသမ ၃၄၉ ဘီလျံရှိပြီး ယခင်နှစ်ကာတူထက် ဒေါ်လာ ၂ ဒသမ ၄၈၉ ဘီလျံ ပိုမိုတင်သွင်းထားခြင်းဖြစ်သည်။
မြန်မာနိုင်ငံအနေဖြင့် ပြည်ပနိုင်ငံများသို့ လယ်ယာထွက်ပစ္စည်း၊ တိရစ္ဆာန်ထွက်ပစ္စည်း၊ ရေထွက်ပစ္စည်း၊ သတ္တုတွင်းပစ္စည်း၊ သစ်တောထွက်ပစ္စည်း၊ စက်မှုကုန်ချော၊ အခြားကုန်ပစ္စည်းများကို တင်ပို့လျက်ရှိသည်။
ပြည်ပနိုင်ငံများသို့ ရင်းနှီးမြှုပ်နှံမှုပစ္စည်း၊ လုပ်ငန်းသုံးကုန်ကြမ်းပစ္စည်း၊ လူသုံးကုန်ပစ္စည်း၊ CMP ကုန်ကြမ်း စသည်တို့ကို အဓိက တင်သွင်းနေခြင်းဖြစ်သည်။
မြန်မာနိုင်ငံမှ ပို့ကုန်တိုးမြှင့်တင်ပို့နိုင်ရေးအတွက် အမျိုးသားပို့ကုန်မဟာဗျူဟာ အကောင်အထည်ဖော်နေပြီး အမျိုးသားပို့ ကုန်မဟာဗျူဟာ ၂၀၂၀- ၂၀၂၅ ၏အဓိက ဦးစားပေးကဏ္ဍများတွင် လယ်ယာထွက်ကုန်ပစ္စည်း အခြေခံစားသောက်ကုန်ထုတ်လုပ်ခြင်းကဏ္ဍ၊ အထည်အလိပ်နှင့် အဝတ်အထည်ကဏ္ဍ၊ စက်မှုနှင့်လျှပ်စစ်ပစ္စည်းကဏ္ဍ၊ ရေထွက်ကုန်လုပ်ငန်းကဏ္ဍ၊ သစ်တောထွက်ပစ္စည်းကဏ္ဍ၊ ဒစ်ဂျစ်တယ်ထုတ်ကုန်များနှင့် ဝန်ဆောင်မှုကဏ္ဍ၊ ထောက်ပံ့ပို့ဆောင်ရေး ဝန်ဆောင်မှုကဏ္ဍ၊ အရည်အသွေးစီမံခန့်ခွဲမှုကဏ္ဍ၊ ကုန်သွယ်မှုသတင်းအချက်အလက် ဝန်ဆောင်မှုကဏ္ဍ၊ တီထွင်ဆန်းသစ်မှုနှင့် စွန့်ဦးတီထွင်ဆောင်ရွက်ခြင်းကဏ္ဍစသည်တို့ ပါဝင်ကြောင်း သိရသည်။
၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အောက်တို ဘာမှ စက်တင်ဘာလကုန်အထိ မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှုတွင် ပို့ကုန်ဒေါ်လာ ၁၄၉၂၇ ဒသမ ၀၆၅ သန်း(၁၄ ဒသမ ၉၂၇ ဘီလျံ)၊ သွင်းကုန်ဒေါ်လာ ၁၄၆၅၈ ဒသမ ၀၈၄ သန်း (၁၄ ဒသမ ၆၅၈ ဘီလျံ) ဖြင့် ကုန်သွယ်မှု ပမာဏဒေါ်လာ ၂၉၅၈၅ ဒသမ ၁၄၉ သန်း (၂၉ ဒသမ ၅၈၅ ဘီလျံ) ရရှိခဲ့သည်။
၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာမှ စက်တင်ဘာလအထိ ပို့ကုန်တန်ဖိုး ဒေါ်လာ ၁၇၆၈၁ ဒသမ ၀၈၇ သန်း၊ သွင်းကုန် တန်ဖိုးဒေါ်လာ ၁၉၀၅၀ ဒသမ ၈၅၅ သန်းဖြင့် ကုန်သွယ်မှုပမာဏ ဒေါ်လာ ၃၆၇၃၁ဒသမ ၉၄၂ သန်းရရှိခဲ့သည်။
၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ပို့ကုန်ဒေါ်လာ ၁၇၀၆၀ ဒသမ ၄၁၅ သန်း၊ သွင်းကုန်ဒေါ်လာ ၁၈၀၈၆ ဒသမ ၅၉၇ သန်းဖြင့် ကုန်သွယ်မှုပမာဏ ဒေါ်လာ ၃၅၁၄၇ ဒသမ ၀၁၂ သန်းရရှိခဲ့သည်။
၂၀၁၈ ခုနှစ် Mini Budget ကာလအတွင်း ပို့ကုန်ဒေါ်လာ၈၈၆၁ ဒသမ ၀၃၂ သန်း၊ သွင်းကုန်ဒေါ်လာ ၉၈၆၆ ဒသမ ၅၀၂ သန်း ဖြင့် ကုန်သွယ်မှုပမာဏ ဒေါ်လာ ၁၈၇၂၇ ဒသမ ၅၃၄ သန်းရရှိခဲ့သည်။
၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ပို့ကုန် ဒေါ်လာ ၁၄၈၈၃ ဒသမ၁၆ဝသန်း၊ သွင်းကုန် ဒေါ်လာ ၁၈၆၄၉ ဒသမ ၈၉၂ သန်းဖြင့် ကုန်သွယ်မှုပမာဏ ဒေါ်လာ ၃၃၅၇၈ ဒသမ ၀၅၂ သန်းရရှိခဲ့သည်။









