မြန်မာနိုင်ငံ၏ အာဆီယံ-သြစတြေးလျ -နယူးဇီလန်လွတ်လပ်သော ကုန်သွယ်မှုနယ်မြေဆိုင်ရာ အကောက်ခွန်နှုန်းလျှော့ချမှု အစီအစဉ်ကို အမိန့်ကြော်ငြာစာအမှတ် ၄၅/၂၀၂၃ ဖြင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးသည် အကောက်ခွန်နှုန်း ဥပဒေပုဒ်မ ၄ အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ မြန်မာ့အကောက်ခွန်နှုန်းစာရင်း ၂၀၂၂ ဖြင့် ကူးပြောင်းချိတ်ဆက်ထားသည့် မြန်မာနိုင်ငံ၏ အာဆီယံ- သြစတြေးလျ-နယူးဇီလန်လွတ်လပ်သော ကုန်သွယ်မှုနယ်မြေဆိုင်ရာ အကောက်ခွန်နှုန်း လျှော့ချမှုအစီအစဉ် (Myanmar’s AANZ Traiff Reduction Schedule in HS 2022) ကို ထုတ်ပြန်လိုက်သည်။
အဆိုပါအမိန့်ကြော်ငြာစာသည် ၂၀၂၃ ခုနှစ် သြဂုတ် ၁ ရက်မှစ၍ အကျိုးသက်ရောက်မည်ဖြစ်သည်။ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၏ ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၂၀ ရက်စွဲပါ အမိန့်ကြော်ငြာ စာအမှတ် ၂၅/၂၀၂၀ ကို ယခုအမိန့်ကြော်ငြာစာဖြင့် လွှမ်းမိုးပယ်ဖျက်လိုက်သည်။
အမိန့်ကြော်ငြာစာ အမှတ် ၄၄/၂၀၂၃ ဖြင့် မြန်မာနိုင်ငံ၏ အာဆီယံအကောက်ခွန်နှုန်း လျှော့ချ/ဖယ်ရှားမှုအစီအစဉ်ကိုလည်း ထုတ်ပြန်ထားသည်။
အာဆီယံဒေသတွင်း ကုန်ပစ္စည်း လွတ်လပ်စွာစီးဆင်းနိုင်ရေးအတွက် အာဆီယံကုန်စည်ကုန်သွယ်ရေး သဘောတူစာချုပ် အပိုဒ် ၁၉ ပါ ပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ရန် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးသည် အကောက်ခွန်နှုန်းဥပဒေပုဒ်မ ၄ ပါ အပ်နှင်းထားသော လုပ်ပိုင်ခွင့်များကို ကျင့်သုံး၍ အာဆီယံစည်းဝါးညီအကောက်ခွန်နှုန်းအမည်ပေးစနစ် ၂၀၂၂ ဖြင့် ကူးပြောင်းချိတ်ဆက်ထားသော မြန်မာနိုင်ငံ၏ အာဆီယံအကောက်ခွန် နှုန်းလျှော့ချ/ဖယ်ရှားမှုအစီအစဉ် (Myanmar ATIGA Traff Reduction Schedule in AHTN 2022) ကို ထုတ်ပြန်လိုက်သည်။ အဆိုပါအမိန့်ကြော်ငြာစာသည် ၂၀၂၃ ခုနှစ် သြဂုတ် ၁ ရက်မှစ၍ အကျိုးသက်ရောက်စေမည်ဖြစ်သည်။
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ ၂၀၁၇ ခုနှစ် နိုဝင်ဘာ ၃၀ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်၊ ၁၁၁/၂၀၁၇ ကို ယခု အမိန့်ကြော်ငြာစာဖြင့် လွှမ်းမိုးပယ်ဖျက်လိုက်သည်။
အာဆီယံအဖွဲ့ဝင်နိုင်ငံများ၊ သြစတြေးလျ၊တရုတ်၊ ကိုရီးယား၊ ဂျပန်နှင့် နယူးဇီလန်တို့ ပါဝင်သည့် ဒေသတွင်း ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (Regional Comprehensive Partnership-RCEP) သဘောတူစာချုပ်သည် ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁ ရက်မှစတင်၍ အသက်ဝင်ပြီဖြစ်သည်။
မြန်မာနိုင်ငံသည် ဒေသတွင်း ဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ်အရ ကမ္ဘောဒီးယား၊ ထိုင်း၊ ဘရူနိုင်း၊ လာအို၊ စင်ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှားသို့ တင်ပို့မည့် မြန်မာ့ပင်ရင်းထုတ်ကုန်များ အကောက်ခွန် သက်သာခွင့်ရရှိမည့် CO Form ကို ကုန်သွယ်ရေးဦးစီးဌာနအောက်ရှိ သက်ဆိုင်ရာ ပို့ကုန်သွင်းကုန်ရုံးများနှင့် ကုန်သွယ်ရေးစခန်းများတွင် ၂၀၂၃ ခုနှစ် သြဂုတ် ၁ ရက်မှစတင်၍ စိစစ်ထုတ်ပေးမည်ဖြစ်သဖြင့် ပို့ကုန်လုပ်ငန်းရှင်များသည် RCEP ကိုလုပ်ထုံးလုပ်နည်းနှင့်အညီ လျှောက်ထားနိုင်ပြီ ဖြစ်သည်။
RCEP ကို လက်ရှိအာဆီယံက ပါဝင်ဆောင်ရွက်လျက်ရှိသည့် လွတ်လပ်သော ကုန်သွယ်မှုသဘောတူစာချုပ်များထက် ပိုမိုခေတ်မီပြီး အရည်အသွေးမြင့်မားကာ အပြန်အလှန်အကျိုးရှိစေမည့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုစာချုပ်တစ်ခုဖြစ်ရန် ရည်ရွယ်ထားကြောင်း သိရသည်။









