လက်ရှိဘဏ္ဍာနှစ် သုံးလခွဲအတွင်း ပြည်ပသို့ တိရစ္ဆာန်ထွက်ပစ္စည်းတင်ပို့မှုမှ ဒေါ်လာနှစ်သန်းကျော်ရရှိပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာ ၁၀ သန်းကျော်လျော့ကျခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။
၂၀၂၃ -၂၀၂၄ ဘဏ္ဍာနှစ်ဧပြီ ၁ ရက်မှ ဇူလိုင်၂၁ရက်အထိ ပြည်ပသို့ တိရစ္ဆာန်ထွက် ပစ္စည်းတင်ပို့မှုသည် ဒေါ်လာ၂ ဒသမ ၂၀၁ သန်းရရှိခဲ့သည်။ ယခင်နှစ်ကာလတူတွင် တိရစ္ဆာန်ထွက်ပစ္စည်းတင်ပို့မှုသည် ဒေါ်လာ ၁၂ ဒသမ၅၅၆ သန်းအထိရှိသည်။ အဆိုပါ ကာလတူနှစ်ခုကို နှိုင်းယှဉ်ပါက ၂၀၂၃- ၂၀၂၄ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှဇူလိုင် ၂၁ ရက် အထိ ပြည်ပသို့ တိရစ္ဆာန်ထွက်ပစ္စည်းတင်သွင်းပို့မှုမှာ ယခင်နှစ်ကာလတူထက် ဒေါ်လာ ၁၀ ဒသမ ၃၅၅ သန်း လျော့ကျခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။
နှစ်အလိုက် ပြည်ပသို့ သစ်တောထွက်ပစ္စည်းတင်ပို့မှုအနေဖြင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၁၇၄ ဒသမ ၇၈၄ သန်း၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင်ဒေါ်လာ ၁၅၄ ဒသမ ၀၆၆ သန်း၊၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၁၂၈ ဒသမ ၀၇၂ သန်း၊ ၂၀၂၁-၂၀၂၂ (Mini Budget) ကာလအတွင်း ဒေါ်လာ ၈၃ ဒသမ ၉၀၁ သန်း ရရှိခဲ့သည်။
မြန်မာနိုင်ငံမှ ပို့ကုန်တိုးမြှင့်တင်ပို့နိုင်ရေးအတွက် အမျိုးသားပို့ကုန်မဟာဗျူဟာ အကောင်အထည်ဖော်နေပြီး အမျိုးသားပို့ကုန်မဟာဗျူဟာ ၂၀၂၀- ၂၀၂၅ ၏အဓိက ဦးစားပေးကဏ္ဍများတွင် လယ်ယာထွက်ကုန်ပစ္စည်း အခြေခံစားသောက်ကုန်ထုတ်လုပ်ခြင်းကဏ္ဍ၊ အထည်အလိပ်နှင့် အဝတ် အထည်ကဏ္ဍ၊ စက်မှုနှင့် လျှပ်စစ်ပစ္စည်း ကဏ္ဍ၊ ရေထွက်ကုန်လုပ်ငန်းကဏ္ဍ၊ သစ်တော ထွက်ပစ္စည်းကဏ္ဍ၊ ဒစ်ဂျစ်တယ်ထုတ်ကုန်များနှင့် ဝန်ဆောင်မှုကဏ္ဍ၊ ထောက်ပံ့ပို့ဆောင်ရေးဝန်ဆောင်မှုကဏ္ဍ၊ အရည်အသွေး စီမံခန့်ခွဲမှုကဏ္ဍ၊ ကုန်သွယ်မှုသတင်းအချက်အလက် ဝန်ဆောင်မှုကဏ္ဍ၊ တီထွင်ဆန်းသစ်မှုနှင့် စွန့်ဦးတီထွင်ဆောင်ရွက်ခြင်းကဏ္ဍစသည်တို့ ပါဝင်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။









