လက်ရှိဘဏ္ဍာနှစ် သုံးလခွဲအတွင်း ပြည်ပမှ လူသုံးကုန်ပစ္စည်းတင်သွင်းမှု ယခင်နှစ်ကာလတူထက် ဒေါ်လာ ၁၄၈သန်းကျော် လျော့ကျခဲ့ကြောင်းစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။
၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ ဇူလိုင်၂၁ ရက်အထိပြည်ပမှ လူသုံးကုန်ပစ္စည်း တင်သွင်းမှု ဒေါ်လာ၈ရရဒသမ၂၉၂ သန်း ရှိသည်။ ယခင်နှစ်ကာလတူက ပြည်ပမှ လူသုံးကုန်ပစ္စည်းတင်သွင်းမှုမှ ဒေါ်လာ၁၀၂၅ ဒသမ ၉၀၅ သန်းရှိသည်။ အဆိုပါ ကာလတူ နှစ်ခုကို နှိုင်းယှဉ်ပါက လက်ရှိဘဏ္ဍာနှစ် သုံးလခွဲအတွင်းမှာ ယခင်နှစ်ကာလတူထက် ဒေါ်လာ၁၄၈ ဒသမ ၆၁၃ သန်း လျော့ကျခဲ့သည်။
၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် အောက်တိုဘာမှ မတ်လကုန်အထိ ပြည်ပမှ လူသုံးကုန် ပစ္စည်းတင်သွင်းမှုတန်ဖိုး ဒေါ်လာ ၁၇၄၅ ဒသမ ၆၇၄ သန်းရှိသည်။ ယခင်နှစ်ကာလတူက ဒေါ်လာ၁၆၂ဝဒသမ ၁၄၉ သန်းတင်သွင်းထားသည်။ အဆိုပါ ကာလတူ နှစ်ခုကို နှိုင်းယှဉ်ကြည့်ပါက ၂၀၂၁-၂၀၂၂ ကြားကာ လခြောက်လအတွင်းမှာ ယခင်နှစ်ကာလတူ ထက် ဒေါ်လာ ၁၂၅ ဒသမ ၅၂၅ သန်း ပိုမိုတင်သွင်းထားသည်။
နှစ်အလိုက် ပြည်ပမှလူသုံးကုန်ပစ္စည်းများ တင်သွင်းမှုအနေဖြင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၄၈၄၅ ဒသမ ၄၆၇ သန်း၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင်ဒေါ် လာ ၄၈၆၂ ဒသမ ၂၆၉ သန်း၊၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၄၅၀၁ ဒသမ ၇၆၁ သန်း၊၂၀၂၁-၂၀၂၂ (Mini Budget) အတွင်း ဒေါ်လာ ၂၅၁၉ ဒသမ ၄၀၉ သန်းရှိသည်။
အမျိုးသားပို့ကုန်မဟာဗျူဟာ ၂၀၂၀- ၂၀၂၅ ၏အဓိကဦးစားပေးကဏ္ဍများတွင် လယ်ယာထွက်ကုန်ပစ္စည်း အခြေခံစားသောက်ကုန်ထုတ်လုပ်ခြင်းကဏ္ဍ၊ အထည်အလိပ်နှင့်အဝတ်အထည်ကဏ္ဍ၊ စက်မှုနှင့်လျှပ်စစ်ပစ္စည်းကဏ္ဍ၊ ရေထွက်ကုန်လုပ်ငန်း ကဏ္ဍ၊ သစ်တောထွက်ပစ္စည်းကဏ္ဍ၊ ဒစ်ဂျစ်တယ်ထုတ်ကုန်များနှင့်ဝန်ဆောင်မှုကဏ္ဍ၊ ထောက်ပံ့ပို့ဆောင်ရေးဝန်ဆောင်မှုကဏ္ဍ၊ အရည်အသွေးစီမံခန့်ခွဲမှုကဏ္ဍ၊ ကုန်သွယ်မှုသတင်းအချက်အလက်ဝန်ဆောင်မှုကဏ္ဍ စသည်တို့ပါဝင်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။









