မြန်မာနိုင်ငံ ဆန်စပါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် မြန်မာ့ဆန်များ ကမ္ဘာ့စျေးကွက်ဝေစု ပိုမိုရရှိစေရေး ၀ိုင်းဝန်းကြိုးပမ်းရမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ပြောကြား

မြန်မာနိုင်ငံ ဆန်စပါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် မြန်မာ့ဆန်များ ကမ္ဘာ့စျေးကွက်ဝေစု ပိုမိုရရှိစေရေး ၀ိုင်းဝန်းကြိုးပမ်းရမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ပြောကြား
Published 1 August 2023

မြန်မာနိုင်ငံဆန်စပါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် မြန်မာ့ဆန်များ ကမ္ဘာ့စျေးကွက် ဝေစု ပိုမိုရရှိစေရေး ၀ိုင်းဝန်းကြိုးပမ်းရမည် ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက ပြောကြားသည်။

၂၀၂၂ ခုနှစ် အောက်တိုဘာလက ကျင်းပခဲ့သော မြန်မာ့ဆန်စပါးညီလာခံ ၂၀၂၂ ၏ ဖော်ထုတ်ချက်များ၌ ပါရှိခဲ့သော “ဆန်စပါး ကြိတ်ခွဲထုတ်လုပ်မှုကဏ္ဍတွင် လူ့စွမ်းအားအ ရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝန်ကြီးဌာနများနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့ ပူးပေါင်းဆောင်ရွက်ရန်” ဖော်ထုတ်ချက်နှင့်အညီ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်တို့ ပူးပေါင်း ဖွင့်လှစ်ခဲ့သော ဆန်စပါးကြိတ်ခွဲ ထုတ်လုပ်ရေး နည်းပညာဆိုင်ရာ ကျွမ်းကျင်မှုသင်တန်းဆင်း ပွဲအခမ်းအနားကို ဇူလိုင် ၃၁ ရက်က စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ရုံးအမှတ် (၃) ညီလာခံခန်းမ၌ ကျင်းပခဲ့ရာတွင် ပြည်ထောင်စုဝန်ကြီးက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက မြန်မာ့ဆန်စပါးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆန်စပါးစိုက်ပျိုး ထုတ်လုပ်မှု၊ ကြိတ်ခွဲပြုပြင်ခြင်းလုပ်ငန်းမှ သည် ပြည်တွင်းပြည်ပ ဖြန့်ဖြူးရောင်းချသည်အထိ ထုတ်လုပ်မှု ကွင်းဆက် (Supply Chain)တစ်လျှောက် ဟန်ချက်ညီညီ ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ အစားအစာဘေးကင်းလုံခြုံရေးနှင့် အရည်အသွေးကောင်းမွန်သည့်ဆန်များ ထုတ်လုပ်နိုင်ရေးအတွက် ခေတ်မီသိုလှောင်ရုံများ၊ အခြောက်ခံစက်များ၊ ခေတ်မီဆန်စက်များစသည့် အခြေခံအဆောက်အဦများ ဖြည့်ဆည်း ဆောင်ရွက်ရန် လိုအပ်သကဲ့သို့ စပါးအ ခြောက်ခံခြင်း၊ သိုလှောင်ခြင်း၊ ကြိတ်ခွဲခြင်း၊ ပြည်ပတင်ပို့ခြင်းစသည့် ရိတ်သိမ်းချိန်လွန် နည်းပညာသင်တန်းများ ဖွင့်လှစ်ပို့ချရန်လည်း လိုအပ်လျက်ရှိကြောင်း၊ ဆန်စပါးကဏ္ဍကွင်း ဆက်တစ်လျှောက် ပါဝင်ဆောင်ရွက်မည့်သူ များ အထူးသဖြင့် ဆန်စက်အင်ဂျင်နီယာများ၊ ဆန်စက်ကိုင်တွယ်မောင်းနှင်သူများ၏လူ့ စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရေး၊ ဆန်စက်အခြေခံနည်းပညာများနှင့် ခေတ်မီ ဆန်စက် နည်းပညာများအား လက်ဆင့်ကမ်း မျှဝေနိုင်‌စေရေး၊ ရိတ်သိမ်းချိန်လွန်ကဏ္ဍမှာ ဆန်အရည်အသွေးနှင့် ပတ်သက်ပြီး ကြုံတွေ့ နေရသည့် ပြဿနာများကို ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းနိုင်စေရေးတို့အတွက် ယခု သင်တန်းကို ရည်ရွယ်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံဆန်စပါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး နှင့် မြန်မာ့ဆန်များ ကမ္ဘာ့စျေးကွက်ဝေစု ပိုမို ရရှိစေရေးအားလုံး ၀ိုင်းဝန်း ကြိုးပမ်းရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက ဆန်စပါးအရည်အသွေးမြှင့်တင်ရေးနှင့် မျိုးကောင်းမျိုးသန့် စပါးများ တိုးချဲ့စိုက်ပျိုးနိုင်ရေး၊ ထွက်ရှိလာသော စပါးများကို ခေတ်မီနည်းပညာများဖြင့် ကြိတ် ခွဲထုတ်လုပ်နိုင်ရေးတို့အတွက် အချိတ်အဆက်မိမိ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ဆန်စက်များ ကိုင်တွယ်မောင်းနှင်ရာတွင် ကျွမ်းကျင်ပိုင်နိုင်စေရေးအတွက် မိမိတို့ ဝန်ကြီးဌာနအောက်ရှိ ဆင်တဲစက်မှုသင်တန်းကျောင်းတွင် ပူးပေါင်းသင်ကြားပေးခဲ့ကြောင်း၊ သင်တန်းတက်ရောက်ခဲ့ကြသည့် သင်တန်းသားများအနေဖြင့် ဆန်စပါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျရာကဏ္ဍကနေ ၀ိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က ဆန်စပါးသည် မိမိတို့နိုင်ငံ၏ အဓိက စားသုံးသီးနှံဖြစ်သည့်အပြင် ပြည်ပပို့ကုန် ဝင်ငွေ ရှာဖွေပေးလျက်ရှိသည့် ကဏ္ဍတစ်ခုဖြစ်ကြောင်း၊ စပါးကောင်းမှ ဆန်ကောင်းမည်ဖြစ်သကဲ့သို့ ဆန်စက်ကောင်းမှ ဆန်အရည်အသွေးကောင်းမွန်မည်ဖြစ်ကြောင်း၊ ဆန်အထွက်နှုန်း ကောင်းမွန်မှသာ စိုက်ပျိုးသည့် တောင်သူများဝင်ငွေပိုမိုရရှိလာနိုင်မည်ဖြစ်ကြောင်း၊ ဆန်စပါးကဏ္ဍ တစ်ခုလုံးဖွံ့ဖြိုးတိုးတက်ရေးအတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ အသင်းအဖွဲ့များနှင့် လုပ်ငန်းရှင်များ၊ တောင်သူများက ပူးပေါင်းဆောင်ရွက်သွား ကြရမည်ဖြစ်ကြောင်း ပြောကြားသည်။

Most Read

Most Recent