မော်လမြိုင်မြို့ သီရိမင်္ဂလာရပ်ကွက်တွင် ဇူလိုင် ၁၉ ရက် မွန်းလွဲပိုင်းက တစ်နှစ်ခွဲအရွယ် ကလေးတစ်ဦး ရေနစ်သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း ရပ်ကွက်နေပြည်သူများထံမှ သိရသည်။
အဆိုပါ ကလေးငယ်မှာ သီရိမင်္ဂလာရပ်ကွက် (၁၇) လမ်း အောက်ပိုင်းတွင် နေထိုင်သူဖြစ်ကြောင်း ၊ အဘိုးအဖွားဖြစ်သူနှင့် ရှိနေရင်းမှ ပျောက်ဆုံးခဲ့သည့်အတွက် လိုက်လံရှာဖွေခဲ့ကြရာ နေအိမ်အနီးတွင် သေဆုံးလျှက်သား ပြန်လည်တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ရပ်ကွက်နေပြည်သူတစ်ဦးက ပြောကြားသည်။
၎င်းကလက်လက်ပြီး "ရေက လေး ပေလောက်ရှိနေတာ။ ကလေးက ဘယ်အချိန်ပျောက်သွားမှန်းမသိကြဘူး။ လိုက်ရှာကြတော့မှ ရေထဲမှာ သေဆုံးလျှက်သားတွေ့ရတာ။ ကလေးက မိန်းကလေးပါ" ဟု ပြောကြားသည်။
လက်ရှိ မော်လမြိုင်မြို့တွင် မိုးသည်းထန်စွာရွာသွန်းလျှက်ရှိပြီး၊ မြို့ပေါ်ရပ်ကွက်အများအပြားတွင် ရေကြီးရေလျှံမှုဖြစ်ပွားနေပြီး၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ ၊ကြက်ခြေနီအသင်းနှင့် မြို့ပေါ်လူမှုကူညီကယ်ဆယ်ရေးအဖွဲ့များက ရေဘေးလွတ်ရာသို့ ကူညီရွေ့ပြောင်းမှုများ လုပ်ဆောင်ပေးလျှက်ရှိကြောင်း သိရသည်။
နောက်ဆက်တွဲ သတင်းများအရ မော်လမြိုင်မြို့ သီရိမြိုင်ရပ်ကွက်၊ (၈) လမ်းမှ ကလေးငယ် နှစ်ဦးမှာလည်း ပျောက်ဆုံးနေသည့်အတွက် လူမှုကူညီကယ်ဆယ်ရေးအဖွဲ့များ၊ ရပ်ကွက်နေပြည်သူများမှ လိုက်လံရှာဖွေလျက်ရှိကြောင်း သိရသည်။
မွန်ပြည်နယ်၊ မော်လမြိုင်တွင် နှစ်ပေါင်း ၇၀ အတွင်း မိုးရေချိန်စံချိန်သစ်နှင့် မုဒုံမြို့တွင် နှစ်ပေါင်း ၄၂ နှစ်အတွင်း မိုးရေစံချိန်သစ်များ တင်ရှိခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ချက်အရ သိရသည်။
မော်လမြိုင်မြို့ မြို့ပေါ်ရပ်ကွက်များဖြစ်သည့် မြိုင်သာယာ၊ ဖက်ခင်းလမ်း၊ ဇေယျာမြိုင်၊ ရွှေပြည်အေး၊ ဇေယျာ(၁)၊ (၂)၊ ဒိုက်ဝန်းကွင်း၊ ဈေးကြို၊ တောင်ဝိုင်းရပ်၊ ကျွဲခြံကုန်း၊ ဒေါင်းမင်းရပ်၊ သီရီမြိုင်နှင့် မုပွန်ရပ်ကွက်တို့တွင် ရေကြီးရေလျှံမှု ဖြစ်ပွားလျှက်ရှိကြောင်း လူမှုကူညီကယ်ဆယ်ရေးအဖွဲ့များ နှင့် ရပ်ကွက်နေပြည်သူများထံမှ သိရသည်။















