မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မော်လမြိုင်မြို့ရှိ အနိမ့်ပိုင်းရပ်ကွက်များ ရေကြီးရေလျှံမှုဖြစ်ပေါ်နေကြောင်း လူမှုကူညီကယ်ဆယ်ရေးအဖွဲများထံမှ သိရသည်။
ထိုသို့ မိုးရွာသွန်းမှုများကြောင့် မော်လမြိုင်မြို့ မြိုင်သာယာရပ်ကွက်၊ ကျွဲခြံကုန်းရပ်ကွက်၊ စျေးကြိုရပ်ကွက် ဖက်ခင်းလမ်း၊ ဥယျာဉ်လမ်း၊ သီရိမြိုင်ရပ်ကွက်၊ သီရိမင်္ဂလာရပ်ကွက်၊ လှိုင်ရပ်ကွက်၊ ရွှေမြိုင်သီရိ၊ သာယာအေးနှင့် ဇေယျာသီရိ အစရှိသော ရပ်ကွက်များအတွင်း ဇူလိုင်လ ၁၈ ရက်ကတည်းက ရေကြီးရေလျှံမှုဖြစ်ပွားလျက်ရှိကြောင်း သိရသည်။
မော်လမြိုင်မြို့၊ စျေးကြိုရပ်ကွက်၊ တောင်ဝိုင်းရပ်ရှိ ဥယျာဉ်လမ်းအတွင်း ရေကြီးရေလျှံနေမှုကြောင့် ပိတ်မိနေသည့် ပြည်သူများအား ယနေ့(ဇူလိုင်လ ၁၉ ရက် နံနက် ၄ နာရီခွဲအချိန်မှစတင်ကာ ကယ်ဆယ်ရေးနှင့် ကူညီရွေပြောင်းခြင်း လုပ်ငန်းများ လုပ်ဆောင်ပေးနေကြောင်း Bo Bo Win Rescue မှ ကိုဘိုဘိုဝင်း က ပြောကြားသည်။
၎င်းက ဆက်လက်ပြီး “လက်ရှိမှာ မော်လမြိုင်မြို့နယ်မီးသတ်ဦးစီးဌာနက ဦးစီးမှူးနဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေ၊ နောက် မော်လမြိုင်မြို့ပေါ်မှာရှိတဲ့ အရေးပေါ်လူမှုကူညီကယ်ဆယ်ရေးအဖွဲ့တွေနဲ့ စုပေါင်းပြီး ကယ်ဆယ်ရွေ့ပြောင်းရေးလုပ်ငန်းတွေ လုပ်ဆောင်ပေးနေကြပါတယ်" ဟု ပြောကြားသည်။
လက်ရှိ ဇူလိုင်လ ၁၉ ရက် နံနက် ၇ နာရီအချိန်ခန့်အထိ မိုးဆက်လက်ရွာသွန်းနေသည့်အတွက် ရေဆက်တက်လာနိုင်သေးကြောင်း ၎င်းက ဆိုသည်။
ယနေ့ နံနက်ပိုင်းတွင် မော်လမြိုင်မြို့ စျေးကြိုရပ်ကွက် ဖက်ခင်းလမ်းမကြီးတွင် ရေဖုံးလွှမ်းနေပြီး၊ ဇေယျာမြိုင်ရပ်ကွက်အတွင်းရှိ အနိမ့်ပိုင်းနေရာများ နေမြှုပ်နေပြီးဖြစ်ကြောင်း ရပ်ကွက်နေပြည်သူများထံမှ သိရသည်။
လာမည့် ၂၄ နာရီအတွင်း မော်လမြိုင်၊ ကျိုက်မရော၊ မုဒုံ၊ ကျိုက္ခမီ၊ သံဖြူဇရပ်၊ လမိုင်း၊ ရေးမြိုနယ်များအတွင်း မိုးကြီးပြီး ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနမှ သတင်းထုတ်ပြန်ထားသည်။















