စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့၊ ခုံမင်းကြီးရပ်ကွက်ရှိ အခြေခံပညာအလယ်တန်းကျောင်း (ခွဲ)တွင် ဇူလိုင် ၁၇ ရက်က မိုးရာသီသစ်ပင်စိုက်ပျိုးပွဲပြုလုပ်ပြီးအပြန် လက်လုပ်စိန်ပြောင်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခံရမှုကြောင့် တစ်ဦးသေဆုံးပြီး ၁၀ နှစ်အောက် ကလေးငယ်သုံးဦး အပါအဝင် ၁၁ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်သည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့၊ ခုံမင်းကြီးရပ်ကွက်ရှိ အခြေခံပညာအလယ်တန်းကျောင်း (ခွဲ) ၌ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ဇူလိုင် ၁၇ ရက်က ကျင်းပရာ ဌာနဆိုင်ရာဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူ များ၊ စုစုပေါင်း ၂၀၀ ခန့် ပါဝင်စိုက်ပျိုးခဲ့ပြီး မြို့တွင်းသို့ ပြန်လည်ထွက်ခွာလာစဉ် အကြမ်းဖက်သမားများက မြို့၏မြောက်ဘက်နှင့် တောင်ဘက်တို့မှ နှစ်ဖွဲ့ခွဲ၍ မြို့အတွင်းသို့ လက်လုပ်စိန်ပြောင်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်သမားများအနေဖြင့် ပြန်လည်ဆုတ်ခွာထွက်ပြေးသွားခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါပစ်ခတ်တိုက်ခိုက်မှုကြောင့် မြို့အတွင်း နေရာအနှံ့အပြားသို့ လက်လုပ်စိန်ပြောင်းဗုံးသီးများ ကျရောက်ပေါက်ကွဲခဲ့ပြီး မိုးရာသီသစ်ပင် စိုက်ပျိုးပွဲတွင် ပါဝင်ဆင်နွှဲခဲ့ကြသည့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ဒေသခံပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများအနက် တစ်ဦးသေဆုံးခဲ့ကာ ၁၀ နှစ်အောက် ကလေးငယ်သုံးဦးအပါအဝင် ၁၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းနှင့် ဗန္ဓုလရပ်ကွက်ရှိ ရောင်ခြည်ဦးဘုန်းတော်ကြီး ကျောင်းတံခါးမှန်အချို့ ပျက်စီးခဲ့ရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါဖြစ်စဉ်တွင် ကျူးလွန်ခဲ့သူများအား ဖမ်းဆီးအရေးယူနိုင်ရေးနှင့် နယ်မြေဒေသ တည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း နစက၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။















