မိုးသည်းထန်စွာသွန်းပြီး တောင်ကျရေ လိမ့်ဆင်းမှုကြောင့် မွန်ပြည်နယ် ရေးမြို့နယ် ဟံဂံကျေးရွာအတွင်း ရေကြီးရေလျှံမှု ဖြစ်ပွား

မိုးသည်းထန်စွာသွန်းပြီး တောင်ကျရေ လိမ့်ဆင်းမှုကြောင့် မွန်ပြည်နယ် ရေးမြို့နယ် ဟံဂံကျေးရွာအတွင်း ရေကြီးရေလျှံမှု ဖြစ်ပွား
Published 18 July 2023

ဇူလိုင် ၁၇ ရက် ညပိုင်းကတည်းက မိုးသည်းထန်စွာသွန်းပြီး တောင်ကျရေ လိမ့်ဆင်းမှုကြောင့် မွန်ပြည်နယ် ရေးမြို့နယ် ဟံဂံကျေးရွာအတွင်း ရေကြီးရေလျှံမှုဖြစ်ပွားကြောင်း ဒေသခံများထံမှ သိရသည်။

မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေလိမ့်ဆင်းလာမှုကြောင့် ယနေ့ (ဇူလိုင် ၁၈ ရက်) နံနက် ၃ နာရီအချိန်မှ စတင်ကာ ဟံဂံကျေးရွာအတွင်းသို့ ရေများစတင်ဝင်ရောက်လာကြောင်းနှင့် လက်ရှိ ဟံဂံကျေးရွာ အနိမ့်ပိုင်းရပ်ကွက်များဖြစ်ကြသည့် ရပ်ကွက် ၂/၃/၇/၈ အပိုင်းများတွင် ရေကြီးရေလျှံမှုဖြစ်ပွားပြီး နေအိမ်တချို့အတွင်း ရေများဝင်ရောက်လျက်ရှိကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။

“ရွာလယ်လမ်းပေါ်မှာကို ရေက (၃) ပေကျော်ကျော်လောက်ရှိတယ်။ တချို့နေရာတွေမှာ ရေကရင်ညွန့်လောက်ဖြစ်နေတယ်။ ရေကတော့ အခုမနက် ၈ နာရီအချိန်အထိကို ဆက်တိုးနေတယ်။ ဒီ့ထက်ရေပိုများလာရင် ကယ်ဆယ်ရေးလုပ်ရတော့မယ့် အခြေအနေဖြစ်လာနိုင်တယ်” ဟု ၎င်းဒေသခံက ဆက်လက်ပြောကြားသည်။

လက်ရှိ ဟံဂံကျေးရွာအနိမ့်ပိုင်းရပ်ကွက်များတွင် နေထိုင်ကြသူတချို့ ရေဘေးလွတ်လာသို့ ပြောင်းရွေ့နေကြကြောင်း သိရသည်။

ထို့အပြင် မိုးသည်ထန်စွာရွာသွန်းမှုပြီး တောင်ကျရေလိမ့်ဆင်းမှုကြောင့် မုဒုံ-သံဖြူဇရပ်ကားလမ်းရှိ မုဒုံမြို့နယ် နှီးပဒေါကျေးရွာအနီးရှိ ချောင်းကူးတံတားနှင့် သံဖြူဇရပ်မြို့ဖောင်စိန်ရပ်ကွက်ရှိ ချောင်းကူးတံတားနေရာများတွင် ရေကျေယ်နေသည့်အတွက် လမ်းပိတ်‌ဆို့မှုဖြစ်ပွားနေကြောင်းနှင့် လက်ရှိ နံနက် ၈ နာရီခွဲအချိန်တွင် ကားလေးများ ပြန်လည်ဖြတ်သန်းသွားလာနေကြပြီးဖြစ်ကြောင်း လူမှုကူညီကယ်ဆယ်ရေးအဖွဲ့များထံမှ သိရသည်။

Most Read

Most Recent