၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ ချုပ်ပြီးအထည်တင်ပို့မှုမှ ဝင်ငွေဒေါ်လာ ၅၃၈၈ ဒသမ ၈ သန်းရရှိပြီး ဒုတိယသုံးလပတ်အတွင်းက ဒေါ်လာ ၁၈၄၁ သန်းကျော် ဖြင့် အများဆုံးတင်ပို့ခဲ့ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့မှ ထုတ်ပြန်ချက်အရ သိရသည်။
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ ချုပ်ပြီးအထည်တင်ပို့မှုအနေဖြင့် ပထမသုံးလပတ်အတွင်း ဒေါ်လာ ၁၃၆၃ ဒသမ ၉ သန်း၊ ဒုတိယသုံးလပတ်အတွင်း ဒေါ်လာ ၁၈၄၁ ဒသမ ၁သန်း၊ တတိယသုံးလပတ်အတွင်း ဒေါ်လာ ၁၁၃၆ ဒသမ ၄ သန်း၊ စတုတ္ထသုံးလပတ်အတွင်း ဒေါ်လာ ၁၀၄၇ ဒသမ ၄ သန်းဖြင့် စုစုပေါင်း ဒေါ်လာ ၅၃၈၈ ဒသမ ၈ သန်းရရှိခဲ့ခြင်းဖြစ်သည်။
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်သည့် ဧပြီမှ မတ်လအထိဖြစ်သည်။၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ပထမသုံးလပတ်ဖြစ်သည့် ၂၀၂၂ ခုနှစ် ဧပြီမှဇွန်လအတွင်း ပြည်ပသို့ ချုပ်ပြီးအထည် တင်ပို့မှုမှဝင်ငွေဒေါ်လာ ၁၃၆၃ ဒသမ၉ သန်း ရရှိခဲ့သည်။ ဒုတိယသုံးလပတ်အတွင်း ဒေါ်လာ ၁၈၄၁ ဒသမ ၁ သန်း၊ တတိယသုံးလပတ်အတွင်း ဒေါ်လာ ၁၁၃၆ ဒသမ ၄ သန်း ရရှိခဲ့ခြင်းဖြစ်သည်။
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဧပြီမှ ဒီဇင်ဘာလအထိ ကာလအတွင်း ပြည်ပသို့ချုပ်ပြီး အထည်တင်ပို့မှုမှ ဝင်ငွေဒေါ်လာ ၄၃၄၁ ဒသမ ၄ သန်းရရှိထားသည်။
၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် အောက်တိုဘာမှ မတ်လအထိ (Mini Budget) ခြောက်လအတွင်း ပြည်ပသို့ ချုပ်ပြီးအထည် တင်ပို့မှုမှ ဒေါ်လာ ၂၂၂၉ သန်းကျော်ရရှိ ခဲ့ပြီး လအလိုက်တင်ပို့မှုအနေဖြင့် ဒီဇင်ဘာလတွင် အများဆုံးတင်ပို့ခဲ့ခြင်းဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ သိရသည်။
၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် အောက်တိုဘာမှ မတ်လအထိ (Mini Budget) ခြောက်လအတွင်း လအလိုက် ပြည်ပသို့ ချုပ်ပြီးအထည်တင်ပို့မှုအနေဖြင့် အောက်တိုဘာတွင် ဒေါ်လာ ၃၀၂ ဒသမ ၉ သန်း၊ နိုဝင်ဘာတွင် ၃၃၇ ဒသမ ၉ သန်း၊ ဒီဇင်ဘာတွင် ၄၁၄ ဒသ မ ၃ သန်း၊ ဇန်နဝါရီတွင် ၄၁၀ ဒသမ ၃ သန်း၊ ဖေဖော်ဝါရီတွင် ၃၆၀ ဒသမ ၆ သန်း၊ မတ်လတွင် ဒေါ်လာ ၄၀၃ ဒသမ ၈ သန်းဖြင့် စုစုပေါင်းဒေါ်လာ ၂၂၂၉ ဒသမ ၈ သန်းရရှိခဲ့ကြောင်း သိရသည်။
လအလိုက် ပြည်ပသို့ ချုပ်ပြီးအထည် တင်ပို့မှုအနေဖြင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီတွင် ဒေါ်လာ ၂၁၇ ဒသမ ၂ သန်း၊ မတ်တွင် ဒေါ်လာ ၂၆၈ သန်း၊ ဧပြီတွင်ဒေါ်လာ ၂၃၈ ဒသမ ၇ သန်း၊ မေတွင် ဒေါ်လာ ၂၇၈ ဒသမ ၅ သန်း၊ ဇွန်တွင် ဒေါ်လာ ၃၁၉ ဒသမ ၃ သန်း၊ ဇူလိုင်တွင် ဒေါ်လာ ၃၁၀ ဒသမ ၇ သန်း၊ သြဂုတ်တွင် ဒေါ်လာ ၄၂၄ ဒသမ ၅ သန်း၊ စက်တင်ဘာတွင် ဒေါ်လာ ၃၇၈ ဒသမ ၃ သန်း၊ အောက်တိုဘာတွင် ဒေါ်လာ၃၀၂ ဒသမ ၉ သန်း၊ နိုဝင်ဘာတွင် ဒေါ်လာ ၃၃၇ ဒသမ ၉ သန်း၊ ဒီဇင်ဘာတွင် ဒေါ်လာ ၄၁၄ ဒသမ ၃ သန်း၊ ၂၀၂၂ ခုနှစ် ဇန်နဝါရီတွင် ဒေါ်လာ ၄၁၀ ဒသမ ၃ သန်း၊ ဖေဖော်ဝါရီ တွင် ၃၆၀ ဒသမ ၆ သန်း၊ မတ်တွင် ၄၀၃ ဒသ မ ၈ သန်းရရှိခဲ့သည်။
၂၀၁၉-၂၀၂ဝဘဏ္ဍာနှစ်တွင် အထည်ချုပ်(ချုပ်ပြီးအထည်) တင်ပို့မှုမှ ဒေါ်လာ ၄ ဒသမ ၈ ဘီလျံနီးပါးရရှိခဲ့သော်လည်း ယခင်နှစ် ကာလတူထက် ဒေါ်လာ ၆၃ သန်းကျော် လျော့ကျခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။
မြန်မာနိုင်ငံတွင် အထည်ချုပ်လုပ်ငန်းကို CMP လက်ခစားစနစ်ဖြင့် ဆောင်ရွက်နေခြင်းဖြစ်ပြီး ဂျပန်၊ တရုတ်၊ ကိုရီးယား၊ EU နိုင်ငံတို့မှ CMP စနစ်ဖြင့် အော်ဒါအဓိကမှာ ယူနေခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံအထည် ချုပ်လုပ်ငန်းရှင်များအသင်းမှ သိရသည်။
၂၀၁၈ ခုနှစ်တွင် အထည်ချုပ်(ချုပ်ပြီး အထည်)အများဆုံးတင်ပို့ထားသည့် ၁၀ နိုင်ငံစာရင်းကို လေ့လာကြည့်ပါက အီးယူအဖွဲ့ဝင်နိုင်ငံများဖြစ်သည့် ဂျာမနီနိုင်ငံသို့ ဒေါ်လာ သန်း ၉၃၀၊ ယူကေသို့ ဒေါ်လာ ၃၂၃ သန်း၊ စပိန်နိုင်ငံသို့ ဒေါ်လာ ၂၉၄ သန်း၊ပြင်သစ်နိုင်ငံသို့ ဒေါ်လာ ၂၆၆ သန်း၊ဒိန်းမတ်နိုင်ငံသို့ ဒေါ်လာ ၁၅၈ သန်း၊အီတလီသို့ဒေါ်လာ ၁၅၇ သန်း၊နယ်သာလန်နိုင်ငံသို့ ဒေါ်လာ ၁၄၅ သန်းအထိ တင်ပို့ထားခြင်းဖြစ်သည်။
အများဆုံးတင်ပို့ထားသည့် ၁၀ နိုင်ငံအနက် ဂျပန်နိုင်ငံသို့ဒေါ်လာ ၈၃၄ သန်း၊ ကိုရီးယားသို့ဒေါ်လာ ၃၉၉ သန်း၊ အမေရိကန်နိုင်ငံသို့ ဒေါ်လာ ၂၁၁ သန်းအထိ တင်ပို့ထားသည်။









