နိုင်ငံတကာလေကြောင်းခရီးစဉ်များ၊ ရေကြောင်းခရီးစဉ်များဖြင့် မြန်မာနိုင်ငံသို့ ဝင်ရောက်မည့် နိုင်ငံခြားသားခရီးသွားများအနေဖြင့် ကိုဗစ်-၁၉ဆိုင်ရာ ကျန်းမာရေးအာမခံဝယ်ယူထားကြောင်း အထောက်အထားပြသရန်လိုအပ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
နိုင်ငံတကာလေကြောင်းခရီးစဉ်များ၊ ရေကြောင်းခရီးစဉ်များဖြင့် မြန်မာနိုင်ငံသို့ ဝင်ရောက်မည့် ခရီးသွားများအနေဖြင့် ကျန်းမာရေးကြေညာချက် ကို မြန်မာနိုင်ငံသို့ ဆိုက်ရောက်ချိန် တွင် သက်ဆိုင်ရာဝင်ထွက်ဂိတ်ရှိ ကျန်းမာရေး အရာရှိများထံသို့ တင်ပြရန်လိုအပ်မည်ဖြစ်ကြောင်း သိရသည်။
နိုင်ငံခြားသားခရီးသွားများအနေဖြင့် ကိုဗစ်-၁၉ဆိုင်ရာ ကျန်းမာရေးအာမခံဝယ်ယူထားကြောင်း အထောက်အထားအားသက်ဆိုင်ရာ ဝင်ထွက်ဂိတ်ရှိ ကျန်းမာရေးအရာရှိများထံသို့ တင်ပြရမည်ဖြစ်သည်။
နိုင်ငံခြားသားခရီးသွားများအတွက် သက်ဆိုင်ရာနိုင်ငံအစိုးရ/ကျန်းမာရေး အာမခံလုပ်ငန်းများထံမှလည်းကောင်း၊ နိုင်ငံတကာအသိမှတ်ပြု ကျန်းမာရေးအာမခံလုပ်ငန်း များထံမှလည်းကောင်း၊ ကိုဗစ်-၁၉ဆိုင်ရာ ကျန်းမာရေးအာမခံအပါအဝင် ကျန်းမာရေး အာမခံဝယ်ယူထားကြောင်း အထောက်အ ထားတင်ပြနိုင်ပါက မြန်မာ့အာမခံလုပ်ငန်းထံမှ ကျန်းမာရေးအာမခံဝယ်ယူခြင်းအား ကင်းလွတ်ခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါကျန်းမာရေး အာမခံဝယ်ယူထား ကြောင်း အထောက်အထားမတင်ပြနိုင်ပါက မြန်မာ့အာမခံလုပ်ငန်းထံမှ ကိုဗစ်-၁၉ ဆိုင်ရာ ကျန်းမာရေးအာမခံ ဝယ်ယူရမည်ဖြစ်ကြောင်း သိရသည်။
ခရီးသွားများအနေဖြင့် မြန်မာနိုင်ငံသို့ ဆိုက်ရောက်ချိန်တွင် သက်ဆိုင်ရာ ဝင်ထွက်ဂိတ် ကျန်းမာရေးအရာရှိများက ဆောင်ရွက်သော ကိုယ်အပူချိန်တိုင်းတာခြင်းနှင့် လိုအပ်သော ကျန်းမာရေး စစ်ဆေးခြင်းကို ခံယူရမည်ဖြစ်ကြောင်း သိရသည်။
ခရီးသွားများတွင် ကိုယ်အပူချိန်မြင့်တက်ခြင်း အပါအဝင် ကိုဗစ်-၁၉ ရောဂါလက္ခဏာများတွေ့ရှိပါက RDT နည်းဖြင့် စစ်ဆေး၍ ကိုဗစ်ရောဂါရှိကြောင်း တွေ့ရှိလျှင် ၎င်းတို့ကို ကျန်းမာရေးအစီအမံများနှင့်အညီ ချက်ချင်း သီးခြားထားရှိမည်ဖြစ်ပြီး၊ ကျန်းမာရေးဝန်ကြီးဌာနက သတ်မှတ်ထားသည့် ဆေးရုံ သို့မဟုတ် ကုသရေးစင်တာ သို့မဟုတ် ဟိုတယ်သို့ လွှဲပြောင်းပို့ဆောင်၍ ကုသမှု ခံယူရမည်ဖြစ်ပြီး ခရီးသည်များအနေဖြင့် အဆိုပါကုန်ကျစရိတ်များကို ကျခံရမည်ဖြစ်ကြောင်း သိရသည်။
မြန်မာအမျိုးသားလေကြောင်းလိုင်း ခရီးသည်များအနေဖြင့် ခရီးစဉ်အချိန်ဇယား ကြည့်ရှုရန် www.flymna.com/plan-atrip-flightschedule နှင့် စျေးနှုန်းကြည့်ရှုရန် www.flymna.com/bookings/Vuesflightselectionaspx တို့တွင် ဝင်ရောက် ကြည့်ရှုနိုင်မည်ဖြစ်ကြောင်း သိရသည်။
မြန်မာအမျိုးသားလေကြောင်းလိုင်းက နေ့စဉ်ပျံသန်းနေသည့် ရန်ကုန်-စင်ကာပူ-ရန်ကုန်ခရီးစဉ်ကို အမေရိကန်ဒေါ်လာ ၃၃၇ မှစတင် ရောင်းချပေးနေပြီး တနင်္ဂနွေ၊ အင်္ဂါနှင့် သောကြာနေ့များတွင် နှစ်ကြိမ် ပျံသန်းနေကြောင်း သိရသည်။
မြန်မာအမျိုးသားလေကြောင်းလိုင်းက ရန်ကုန်-စင်ကာပူ-ရန်ကုန်ခရီးစဉ်ကို နေ့စဉ် တစ်ကြိမ်ပျံသန်းပြေးဆွဲလျက်ရှိပြီး အသွားခရီးစဉ် တစ်ကြောင်းစာကို အမေရိကန် ဒေါ်လာ ၁၇၅၊ အသွားအပြန်ခရီးစဉ်အား အမေရိကန်ဒေါ်လာ ၃၃၇ မှစတင်၍ လည်းကောင်း ပျံသန်းနေခြင်းဖြစ်သည်။
မြန်မာအမျိုးသားလေကြောင်းလိုင်း၏ ရန်ကုန်-ချင်းမိုင်ခရီးစဉ်အား တစ်ပတ်လျှင် သုံးကြိမ် ဗုဒ္ဓဟူး၊ သောကြာနှင့် တနင်္ဂနွေနေ့များတွင် ပျံသန်းနေပြီး ၁၇၉ ဒေါ်လာမှ စတင်ဝယ်ယူနိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
မြန်မာအမျိုးသားလေကြောင်းလိုင်း၏ Mobile Application ကို အသုံးပြုပြီး နှစ်သက်ရာ ခရီးစဉ်၏အချက်အလက်များကို ကြည့်ရှုနိုင်မည့်အပြင် လေယာဉ်လက်မှတ်ဝယ်ယူမှုနှင့် ငွေပေးချေမှုများပါ ပြုလုပ်နိုင်မည်ဖြစ်ကြောင်း သိရသည်။









