ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသများအတွင်းရှိ မိုခါမုန်တိုင်းဒဏ်ကြောင့် ဓာတ်အားလိုင်း၊ ဓာတ်အားခွဲရုံနှင့်ဆက်စပ်ပစ္စည်းများ ပျက်စီးသွားသည့် မြို့နယ် (၁၀) မြို့နယ် အနက် (၈) မြို့နယ်အား ဓာတ်အားစနစ်မှ ဓာတ်အားပြန်လည်ဖြန့်ဖြူးပေးနိုင်ပြီဖြစ်ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ သိ ရသည်။
လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနအနေဖြင့် ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသများအတွင်းရှိ မိုခါမုန်တိုင်းဒဏ်ကြောင့် ပျက်စီးသွားသည့် ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံများ ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းကို အရှိန်အဟုန် ဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ စစ်တွေမြို့၊ ပုဏ္ဏားကျွန်းမြို့၊ ကျောက်တော်မြို့၊ မြောက်ဦးမြို့၊ မင်းပြားမြို့နှင့် မြေပုံမြို့ရှိ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအချို့အား ၂၀၂၃ ခုနှစ် ဇွန် ၇ ရက်၊ ၁၈ ရက်နှင့် ၂၃ ရက်တို့တွင် ဓာတ်အားစနစ်မှ ဓာတ်အားပြန်လည် ဖြန့်ဖြူးပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ဆက်လက်၍ ကျန်ရှိနေသောမြို့များနှင့် ကျေးရွာများအား ဖြန့်ဖြူးပေးနိုင်ရေး ဆောင်ရွက်ရန် ၆၆ ကေဗွီ ပုဏ္ဏားကျွန်း-ရသေ့တောင်ဓာတ်အားလိုင်းနှင့် ၃၃ကေဗွီ မင်းပြား-ပေါက်တောဓာတ်အားလိုင်း ပြန်လည်ပြုပြင်တည်ဆောက်ခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီးပြီ ဖြစ်သဖြင့် ဇူလိုင် ၅ ရက် ၁၄း၂၅ နာရီအချိန်တွင် ရသေ့တောင်မြို့ရှိ ၆၆/၁၁ ကေဗွီ ၊ ၅ အမ်ဗွီအေ ရသေ့တောင် ဓာတ်အားခွဲရုံ၏ ၁၁ ကေဗွီ ဖီဒါ (၃) ဖီဒါမှ ၁၁/၀.၄ ကေဗွီ ဖြန့်ဖြူးရေးထရန်စဖော်မာ ၂၀ လုံးဖြင့် ရသေ့တောင် မြို့ပေါ်ရပ်ကွက် လေးရပ်ကွက်နှင့် ကျေးရွာတစ်ရွာရှိ မီးသုံးသူ ၂၀၉၇ ဦးတို့အားလည်းကောင်း၊ ၁၈း၂၇ နာရီအချိန်တွင် ပေါက်တောမြို့ရှိ ၃၃/၁၁ ကေဗွီ ၊ ၅ အမ်ဗွီအေ ပေါက်တောဓာတ်အား ခွဲရုံ၏ ၁၁ ကေဗွီ ဖီဒါ (၂) ဖီဒါမှ ၁၁/၀.၄ ကေဗွီ ဖြန့်ဖြူးရေးထရန်စဖော်မာ ၂၂ လုံးဖြင့် ပေါက်တောမြို့ပေါ်ရပ်ကွက် ၅ ရပ်ကွက်ရှိ မီးသုံးသူ ၂၂၄၈ ဦးတို့အားလည်းကောင်း ဓာတ်အားစနစ်မှ အသီးသီး ဓာတ်အားပြန် လည်ဖြန့်ဖြူးပေးထားပြီးဖြစ်ကြောင်း သိရသည်။
လက်ရှိအချိန်တွင် ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသများအတွင်းရှိ မိုခါမုန်တိုင်းဒဏ်ကြောင့် ဓာတ်အားလိုင်း ၊ ဓာတ်အားခွဲရုံ နှင့်ဆက်စပ်ပစ္စည်းများ ပျက်စီးသွားသည့် မြို့နယ်(၁၀)မြို့နယ် အနက် (၈) မြို့နယ်အား ဓာတ်အားစနစ်မှ ဓာတ်အား ပြန်လည်ဖြန့်ဖြူးပေးနိုင်ခဲ့ပြီးဖြစ်ကြောင်းနှင့် ကျန်ရှိသည့် မြို့နယ်နှစ်မြို့နယ်အား အမြန်ဆုံးဓာတ်အားပြန် လည်ဖြန့်ဖြူးပေးနိုင်ရေး လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။









