နယ်စပ်မှ တင်သွင်းမည့်ကုန်စည်များအတွက် ၂၀၂၃ ခုနှစ် ဇူလိုင် ၂၂ ရက်မှစတင်၍ လိုင်စင်လျှောက်ထားရန်လိုအပ်သော အကောက်ခွန်နှုန်းလိုင်းအဖြစ် MACCS စနစ်တွင် Setting ထားရှိ ဆောင်ရွက်ပြီးဖြစ်ကြောင်း အကောက်ခွန်ဦးစီးဌာနက ထုတ်ပြန်ထားသည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနသည် ၂၀၂၃ ခုနှစ် ဇွန် ၆ ရက်တွင် ပို့ကုန်၊သွင်းကုန် နှင့်ပတ်သက်သည်သတင်းလွှာ(၉/၂၀၂၃) ဖြင့် ပင်လယ်ရေကြောင်းမှတင်သွင်းမည့် ကုန်စည်များနှင့် နယ်စပ်ဒေသမှ တင်သွင်း မည့်ကုန်စည်များအား Automatic Licensing နှင့် Non - Automatic Licensing စနစ်ဖြင့် ၂၀၂၃ ခုနှစ် ဇွန် ၂၂ ရက်မှ စတင် ဆောင်ရွက်မည်ဖြစ်ကြောင်း သတင်းလွှာ ထုတ်ပြန်ခဲ့ပြီဖြစ်သည်။
သတင်းလွှာ(၉/၂၀၂၃)အရ ပင်လယ်ရေကြောင်းမှတင်သွင်းမည့်ကုန်စည်များအနက် ဇွန် ၂၂ ရက်တွင် Automatic Licensing စနစ်ဖြင့် လိုင်စင်ထုတ်ပေးမည့် HS 2022 Version ပါ 10 Digit Level ရှိ ကုန်စည်လိုင်းပေါင်း ၁၅၂၅ အတွက် ဇွန် ၂၃ ရက်တွင် လိုင်စင်လိုအပ်သော အကောက်ခွန်နှုန်းလိုင်းအဖြစ်လည်းကောင်း၊ Non - Automatic Licensing စနစ်ဖြင့် လိုင်စင်ထုတ်ပေးမည့် ကုန်စည်လိုင်းပေါင်း ၁၅၅၀ အတွက် သြဂုတ် ၂၁ ရက်တွင် လိုင်စင်လိုအပ်သော အကောက်ခွန်နှုန်းလိုင်းများအဖြစ်လည်းကောင်း၊ နယ်စပ်ဒေသများမှ တင်သွင်းမည့် ကုန်စည်များအတွက် သွင်းကုန်လိုင်စင် လျှောက်ထားမှုအားလုံးကို Non - Automatic Licensing စနစ်ဖြင့် ဇူလိုင် ၂၂ ရက်မှစတင် ၍ လိုင်စင်လျှောက်ထားရန် လိုအပ်သော အကောက်ခွန်နှုန်းလိုင်းအဖြစ်လည်းကောင်း MACCS စနစ်တွင် Setting ထားရှိ ဆောင်ရွက်ပြီးဖြစ်ကြောင်း သိရသည်။
သို့ဖြစ်ရာ သွင်းကုန်ကြေညာလွှာတင်သွင်းသူများအနေဖြင့် Automatic Licensing နှင့် Non - Automatic Licensing စနစ်ဖြင့် သွင်းကုန်လိုင်စင်လိုအပ်သောအကောက်ခွန်နှုန်းလိုင်းများကို အသုံးပြု၍ ကြေညာလွှာများတင်သွင်းရာတွင် လိုင်စင်ဖြတ်တောက်ခြင်းလုပ်ငန်းစဉ်အား (JTB/JTA Service) စနစ်တကျဆောင်ရွက်ပေးကြရန်နှင့် သွင်းကုန်လုပ်ငန်းရှင်များအနေဖြင့် လုပ်ငန်းများနှောင့်နှေးကြန့်ကြာမှုများ မရှိစေရေးအတွက် သွင်းကုန်လိုင်စင်များကို သတင်းလွှာ (၉/၂၀၂၃)ပါ သတ်မှတ်ရက်များ မတိုင်မီ ကြိုတင်လျှောက်ထားရယူထားရန် လိုအပ်ကြောင်းနှင့် ကြေညာလွှာတင်သွင်းခြင်းနှင့်ပတ်သက်၍ အခက်အခဲတစ်စုံတစ်ရာရှိပါက ရုံးချိန်အတွင်း Help Desk Section (၀၁-၃၇၉၄၂၉) သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း အကောက်ခွန်ဦးစီးဌာနက ထုတ်ပြန်ထားသည်။









