၂၀၂၃ ခုနှစ် မေလအတွင်း ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ ဒေါ်လာသန်း ၅၀ ကျော်တန်ဖိုးရှိ ဆေးဝါးပစ္စည်းတန်ချိန် ၃၀၀၀ ကျော် တင်သွင်း

၂၀၂၃ ခုနှစ် မေလအတွင်း ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ ဒေါ်လာသန်း ၅၀ ကျော်တန်ဖိုးရှိ ဆေးဝါးပစ္စည်းတန်ချိန် ၃၀၀၀ ကျော် တင်သွင်း
Published 29 June 2023

၂၀၂၃ ခုနှစ် မေလအတွင်း ပင်လယ်ရေ ကြောင်းကုန်သွယ်မှုမှ ဒေါ်လာသန်း ၅၀ ကျော်တန်ဖိုးရှိ ဆေးဝါးပစ္စည်းတန်ချိန် ၃၀၀၀ ကျော် တင်သွင်းခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ချက်အရ သိရသည်။

မေ ၁ ရက်မှ ၃၁ ရက်ထိကာလအတွင်း ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ ဒေါ်လာ ၅၀ ဒသမ ၃၆၅ သန်းတန်ဖိုးရှိ ဆေးဝါးပစ္စည်းများ တန်ချိန် ၃၀၀၀ ကျော် တင်သွင်းခဲ့သည်။ အဆိုပါကာလအတွင်း အာဂျင်တီးနား၊ ဘယ်လ်ဂျီယံ၊ ဆွစ်ဇာလန်နိုင်ငံ၊ သြစတြေးလျ နိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဘရာဇီးနိုင်ငံ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဆိုက်ပရပ်စ်နိုင်ငံ၊ အီကွေဒေါနိုင်ငံ၊ ဂျာမနီနိုင်ငံ၊ အိန္ဒိယ နိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ အိုင်ယာလန်နိုင်ငံ၊ အီတလီနိုင်ငံ၊  ဂျပန်နိုင်ငံ၊ တောင်ကိုရီးယား နိုင်ငံ၊ မလေးရှားနိုင်ငံ၊ နယ်သာလန်နိုင်ငံ၊ ပါကစ္စတန်နိုင်ငံ၊ စပိန်နိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ၊ စင်ကာပူနိုင်ငံ၊ ပေါ်တူဂီနိုင်ငံ၊ ထိုင်းနိုင်ငံ၊ အမေရိကန်ပြည်ထောင်စုနှင့် ဗီယက်နမ်နိုင်ငံတို့မှ တင်သွင်းခဲ့ကြောင်း သိရသည်။ အနီးစပ်ဆုံးကာလနှင့် နှိုင်းယှဉ်ပါက ပင်လယ်ရေကြောင်းမှ ဆေးဝါးပစ္စည်းများ တန်ချိန် ၁၅၀၀ ကျော် ပိုမိုတင်သွင်းခဲ့သည်။

မြန်မာနိုင်ငံအနေဖြင့် ပြည်ပနိုင်ငံများသို့ လယ်ယာထွက်ပစ္စည်း၊ တိရစ္ဆာန်ထွက်ပစ္စည်း၊ ရေထွက်ပစ္စည်း၊ သတ္တုတွင်းပစ္စည်း၊ သစ်တောထွက်ပစ္စည်း၊ စက်မှုကုန်ချော၊ အခြားကုန်ပစ္စည်းများကို တင်ပို့လျက်ရှိသည်။

ပြည်ပနိုင်ငံများသို့ ရင်းနှီးမြှုပ်နှံမှုပစ္စည်း၊ လုပ်ငန်းသုံးကုန်ကြမ်းပစ္စည်း၊ လူသုံးကုန်ပစ္စည်း၊ CMP ကုန်ကြမ်း စသည်တို့ကို အဓိက တင်သွင်းနေခြင်းဖြစ်သည်။        မြန်မာနိုင်ငံမှ ပို့ကုန်တိုးမြှင့်တင်ပို့နိုင်ရေးအတွက် အမျိုးသားပို့ကုန်မဟာဗျူဟာအကောင် အထည်ဖော်နေပြီး အမျိုးသားပို့ကုန်မဟာဗျူဟာ ၂၀၂၀- ၂၀၂၅ ၏အဓိက ဦးစားပေးကဏ္ဍများတွင် လယ်ယာထွက်ကုန်ပစ္စည်းအခြေခံ စားသောက်ကုန်ထုတ်လုပ်ခြင်းကဏ္ဍ၊ အထည်အလိပ်နှင့် အဝတ်အထည်ကဏ္ဍ၊ စက်မှုနှင့်လျှပ်စစ်ပစ္စည်းကဏ္ဍ၊ ရေထွက်ကုန်လုပ်ငန်းကဏ္ဍ၊ သစ်တောထွက်ပစ္စည်းကဏ္ဍ၊ ဒစ် ဂျစ်တယ်ထုတ်ကုန်များနှင့် ဝန်ဆောင်မှုကဏ္ဍ၊ ထောက်ပံ့ပို့ဆောင်ရေးဝန်ဆောင်မှုကဏ္ဍ၊ အရည်အသွေးစီမံခန့်ခွဲမှုကဏ္ဍ၊ ကုန်သွယ်မှုသတင်းအချက်အလက် ဝန်ဆောင်မှုကဏ္ဍ၊ တီထွင်ဆန်းသစ်မှုနှင့် စွန့်ဦးတီထွင်ဆောင်ရွက်ခြင်းကဏ္ဍစသည်တို့ ပါဝင်ကြောင်း သိရသည်။

နှစ်အလိုက် မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှုအနေဖြင့် ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် ပို့ကုန်ဒေါ်လာ ၈၉၇၇ ဒသမ ၀၁၅ သန်း၊ သွင်းကုန်ဒေါ်လာ  ၉၀၆၈ ဒသမ ၉၁၄ သန်းဖြင့် ကုန်သွယ်မှုပမာဏဒေါ်လာ ၁၈၀၄၅ ဒသမ ၉၂၉ သန်းရရှိခဲ့သည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အောက်တိုဘာမှ စက်တင်ဘာလကုန်အထိ မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှုတွင် ပို့ကုန် ဒေါ်လာ  ၁၄၉၂၇ ဒသမ ၀၆၅ သန်း၊သွင်းကုန်ဒေါ်လာ ၁၄၆၅၈ ဒသမ ၀၈၄ သန်းဖြင့် ကုန်သွယ်မှု ပမာဏဒေါ်လာ ၂၉၅၈၅ ဒသမ ၁၄၉ သန်း (၂၉ ဒသမ ၅၈၅ ဘီလျံ) ရရှိခဲ့သည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာမှ စက်တင်ဘာလအထိ ပို့ကုန်ဒေါ်လာ ၁၇၆၈၁ ဒသမ ၀၈၇ သန်း၊ သွင်းကုန်ဒေါ်လာ ၁၉၀၅၀ ဒသမ ၈၅၅ သန်းဖြင့် ကုန်သွယ်မှု ဒေါ်လာ ၃၆၇၃၁ဒသမ ၉၄၂ သန်းရရှိခဲ့သည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ပို့ကုန် ဒေါ်လာ  ၁၇၀၆၀ ဒသမ ၄၁၅ သန်း၊ သွင်းကုန် ဒေါ်လာ ၁၈၀၈၆ ဒသမ ၅၉၇ သန်းဖြင့် ကုန်သွယ်မှုပမာဏ ဒေါ်လာ  ၃၅၁၄၇ ဒသမ ၀၁၂ သန်းရရှိခဲ့သည်။

Most Read

Most Recent