မန္တလေးတိုင်းရွှေလုပ်ငန်းရှင်များအသင်းက ရွှေတကျပ်သား ကျပ်သိန်း သုံးဆယ် သုံးသောင်းနှုန်းဖြင့် ရောင်းချရာ ပြင်ပရွှေစျေးထက် စျေးလျော့သဖြင့် လာရောက်ဝယ်ယူသူ ယခင်နေ့များထက်များပြား

မန္တလေးတိုင်းရွှေလုပ်ငန်းရှင်များအသင်းက ရွှေတကျပ်သား ကျပ်သိန်း သုံးဆယ် သုံးသောင်းနှုန်းဖြင့် ရောင်းချရာ ပြင်ပရွှေစျေးထက် စျေးလျော့သဖြင့် လာရောက်ဝယ်ယူသူ ယခင်နေ့များထက်များပြား
ဇွန် ၂၃ ရက်တွင် မန္တလေးတိုင်းရွှေလုပ်ငန်းရှင်များအသင်းမှ မီးလင်းရွှေများ ပြင်ပပေါက်စျေးထက် စျေးလျော့ရောင်းချပေးနေရာ လာရောက်ဝယ်ယူသူများကို တွေ့ရစဉ် (Photo – Kyaw Gyi (MDY))
ဇွန် ၂၃ ရက်တွင် မန္တလေးတိုင်းရွှေလုပ်ငန်းရှင်များအသင်းမှ မီးလင်းရွှေများ ပြင်ပပေါက်စျေးထက် စျေးလျော့ရောင်းချပေးနေရာ လာရောက်ဝယ်ယူသူများကို တွေ့ရစဉ် (Photo – Kyaw Gyi (MDY))
Published 23 June 2023

မန္တလေးတိုင်းရွှေလုပ်ငန်းရှင်များအသင်းက ရွှေတကျပ်သား ကျပ်သိန်း သုံးဆယ် သုံးသောင်းနှုန်းဖြင့် ရောင်းချရာ ပြင်ပရွှေစျေးထက် စျေးလျော့သဖြင့် လာရောက်ဝယ်ယူသူ ယခင်နေ့များထက်များပြားကြောင်း မန္တလေးတိုင်းရွှေလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ဇွန် ၁၉ ရက် မွန်းလွဲပိုင်းမှစ၍ မန္တလေးတိုင်း ရွှေလုပ်ငန်းရှင်များအသင်းက မီးလင်းရွှေများကို တစ်ကျပ်သားလျှင် ကျပ်သိန်းသုံးဆယ် ငါးသောင်းနှုန်းဖြင့် စတင်ရောင်းချပေး ခဲ့ခြင်းဖြစ်သည်။

ဇွန် ၂၀ ရက်တွင် ရောင်းချပေးသည့် စျေးနှုန်းမှာ ရွှေတစ်ကျပ်သားလျှင် ကျပ်သိန်း သုံးဆယ်လေးသောင်းနှုန်းဖြစ်ပြီး ဇွန် ၂၁ ရက် နှင့် ဇွန် ၂၂ ရက်တွင် ကျပ်သိန်းသုံးဆယ် သုံးသောင်းငါးထောင်၊ ဇွန် ၂၃ ရက်တွင် ကျပ် သိန်း သုံးဆယ်သုံးသောင်းနှုန်းဖြင့် စျေးထပ်မံလျှော့ချရောင်းချခဲ့ခြင်းဖြစ်သည်။

“ဒီနေ့ သုံးဆယ် သုံးသောင်းနဲ့ ရောင်းတယ်။ စျေးထပ်ချရောင်းတယ်။ အပြင်ပေါက်စျေးက တအားများနေတော့ ကွာဟချက်များနေတော့ ဝယ်တဲ့သူလည်း များတယ်” ဟု မန္တလေးတိုင်ရွှေလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦးကပြောကြားသည်။

စတင်ရောင်းချသည့် ဇွန် ၁၉ ရက်တွင် လာရောက်ဝယ်ယူသူ ၅၀ ရှိပြီး ဇွန် ၂၀ ရက် နှင့် ဇွန် ၂၁ ရက်တို့တွင် လူ ၆၀ ကျော် လာရောက်ဝယ်ယူခဲ့ကြောင်း၊ ဇွန် ၂၂ ရက်တွင် လာရောက်ဝယ်ယူသူ ၁၀၀ နီးပါးရှိခဲ့ကြောင်း အဆိုပါတာဝန်ရှိသူက ဆက်လက်ပြောကြားသည်။

“ဒီနေ့ကတော့ အရင်နေ့တွေထက် ပိုများလာတယ်။ အရင်က အခုလို တန်းစီတာ မရှိခဲ့ဘူး”ဟု မန္တလေးတိုင်းရွှေလုပ်ငန်းရှင် များအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အသင်းတွင် ရွှေဝယ်ယူမည်ဆိုပါက အသင်းသားမှလွဲ၍ မည်သူမဆို လွတ်လပ်စွာ လာရောက်ဝယ်ယူနိုင်ပြီး အိမ်ထောင်စုဇယား၊ မှတ်ပုံတင်မူရင်းနှင့် မိတ္တူယူဆောင်လာရမည်ဖြစ်ကြောင်း၊ နေ့စဉ် မွန်းလွဲ ၁၂ နာရီမှ ညနေ ၄ နာရီအထိ ရောင်းချမည်ဖြစ်ကြောင်း သိရသည်။

ရွှေစျေးနှုန်းများ မြင့်တက်နေသဖြင့် မန္တလေးတိုင်းနှင့် ရန်ကုန်တိုင်းမှ ရွှေလုပ်ငန်းရှင်အချို့ကို သက်ဆိုင်ရာက ခေါ်ယူမေးမြန်း ဆွေးနွေးမှုများရှိခဲ့သည်။

မန္တလေးမြို့ရှိ ရွှေလုပ်ငန်းရှင် ၁၂ ဦး အား ဇွန် ၁၅ ရက်တွင် စတင်ခေါ်ယူမေးမြန်းခဲ့ခြင်း ဖြစ်သည်။

မန္တလေးမြို့တွင် ဇွန် ၁ ရက်မှ ဇွန် ၂ ရက် အထိ ရွှေနှင့် ငွေကြေးစျေးကွက်စောင့်ကြည့် ထိန်းသိမ်းကြပ်မတ်ရေး လုပ်ငန်းကော်မတီ၏ဦးဆောင်မှုဖြင့် ဗဟိုဘဏ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် အခြားသော သက်ဆိုင်ရာအဖွဲ့အစည်းများ ပါဝင်သည့်အဖွဲ့များက မြေပြင်တွင် သွားရောက်စစ်ဆေးခဲ့သည်။

မန္တလေးတိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းက ပြီးခဲ့သည့်နှစ်အောက်တိုဘာလပိုင်းတွင် ရွှေတစ်ကျပ်သား ကျပ်၂၅ သိန်း လေးသောင်းနှုန်းဖြင့် မီးလင်းရွှေ ခုနစ်ပိဿာ ကို လူတစ်ဦးလျှင် ရွှေ ၁၀ ကျပ်သားနှုန်းဖြင့် ရောင်းချပေးခဲ့သည်။

ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်းကလည်း အောက်တိုဘာလပိုင်းမှာပင် အလုပ်အမှုဆောင်နှင့် အသင်းဝင် ၂၄ ဦးက မီးလင်းရွှေအတုံးအခဲ ၁၂၇၇ ကျပ်သားကို နှစ်ရက် ဆက်တိုက်ရောင်းချပေးခဲ့သည်။

သို့သော် ရွှေစျေးနှုန်းသည် တအိအိမြင့်တက်လာခဲ့ပြီးနောက် ယခုနှစ် ဧပြီတွင် ရန်ကုန်တိုင်းအတွင်းရှိ ရွှေဆိုင်များ၊ ရွှေကုန်သည်များအနေဖြင့် ရွှေတစ်ကျပ်သားလျှင် ကျပ် ၂၉ သိန်းအောက်ဖြင့် အရောင်းအဝယ် ပြုလုပ်သင့်ကြောင်း ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းက ထုတ်ပြန်ခဲ့သည်။

ပြီးခဲ့သည့်နှစ် ဖေဖော်ဝါရီလပိုင်းကလည်း မီးလင်းရွှေတစ်ကျပ်သားလျှင် ကျပ် ၂၇ သိန်း ကိုးသောင်းဖြင့်သာ ရောင်းချသင့်ကြောင်း ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်းက ထုတ်ပြန်ခဲ့သည်။

ယင်းနောက် နှစ်လကျော်အကြာတွင် မီးလင်းရွှေတစ်ကျပ်သားလျှင် ကျပ် ၂၉ သိန်း အောက်ဖြင့်သာ အရောင်းအဝယ်ပြုလုပ်သင့်ကြောင်း ထပ်မံထုတ်ပြန်ခဲ့သည်။

ဇွန် ၁၆ ရက်တွင် ရွှေစျေးကွက်အတွင်း ရောင်းချလျက်ရှိသည့် ရွှေစျေးနှုန်းအနေဖြင့် တစ်ကျပ်သားလျှင် ကျပ်သိန်း ၃၀ ကျော်တွင် ရှိနေကြောင်း စျေးကွက်အတွင်းမှ သိရသည်။

Most Read

Most Recent