ဘရာဇီးနိုင်ငံသို့ သင်္ဘောဝင်ရောက်ခြင်း၊ သင်္ဘောတက်ရောက်ခြင်းများပြုလုပ်မည့် မြန်မာသင်္ဘောသားများအား DMA/SD က ထောက်ခံစာထုတ်ပေးနေပြီး Seafarers Identity Document (SID) အမြန်ဆုံးထုတ်ပေးနိုင်ရန်ဆောင်ရွက်နေ

ဘရာဇီးနိုင်ငံသို့ သင်္ဘောဝင်ရောက်ခြင်း၊ သင်္ဘောတက်ရောက်ခြင်းများပြုလုပ်မည့် မြန်မာသင်္ဘောသားများအား DMA/SD က ထောက်ခံစာထုတ်ပေးနေပြီး Seafarers Identity Document (SID) အမြန်ဆုံးထုတ်ပေးနိုင်ရန်ဆောင်ရွက်နေ
ဘရာဇီးနိုင်ငံရှိ ရီယိုဒီဂျနယို ဆိပ်ကမ်းကို တွေ့ရစဉ်
ဘရာဇီးနိုင်ငံရှိ ရီယိုဒီဂျနယို ဆိပ်ကမ်းကို တွေ့ရစဉ်
Published 17 June 2023

ဘရာဇီးနိုင်ငံသို့ သင်္ဘောဝင်ရောက်ခြင်း၊ သင်္ဘောတက်ရောက်ခြင်းများပြုလုပ်မည့် မြန်မာသင်္ဘောသားများအား  DMA/SD မှထောက်ခံစာထုတ်ပေးနေပြီး Seafarers Identity Document (SID) အမြန်ဆုံးထုတ် ပေးနိုင်ရန်ဆောင်ရွက်နေကြောင်း ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၊ သင်္ဘောသားဌာနခွဲ (DMA/SD) မှ သတင်းရရှိသည်။

ယင်းပြင်မြန်မာနိုင်ငံဆိုင်ရာ ဘရာဇီးသံရုံးမှ မြန်မာသင်္ဘောသားများ ထိန်းသိမ်းခံရခြင်း/ဒဏ်ကြေးငွေ ပေးဆောင်ရခြင်းမှ ကင်းလွတ်ခွင့်ရရန် ညှိနှိုင်းပေးနေကြောင်း သိရသည်။

ဘရာဇီးနိုင်ငံမှ ၎င်းတို့၏ ဥပဒေအရ International Seafarers (နိုင်ငံပေါင်းစုံမှ သင်္ဘောသားများ) ဘရာဇီးနိုင်ငံသို့ သင်္ဘောဝင်ရောက်လျှင်သော်လည်းကောင်း၊ သင်္ဘောတက်ရောက်လျှင်သော်လည်းကောင်း SID မှတ်ပုံတင်ဖြင့် (သို့မဟုတ်) ကြိုတင်ပြည်ဝင်ခွင့်ဗီဇာဖြင့်သာ ဝင်ရောက်ခွင့်အား ခွင့်ပြုထားခြင်းဖြစ်သည်။ ယင်းကြောင့် အချို့သော နိုင်ငံပေါင်းစုံမှ Seafarers များမှ  SID မှတ်ပုံတင်မရှိ၍သော်လည်းကောင်း၊ သက် တမ်းကုန်ဆုံး၍သော်လည်းကောင်း အရေးယူ၊ ဒဏ်ကြေးငွေ ပေးဆောင်ရခြင်းများ ရှိလာ ကြောင်း သိရသည်။

မြန်မာသင်္ဘောသားများအတွက် မြန်မာနိုင်ငံရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ သင်္ဘောသားဌာနခွဲ (DMA/SD) မှ အချိန်နှင့်တစ်ပြေးညီ ထောက်ခံစာ ထုတ်ပေးခြင်းများကို ဆောင်ရွက်နေပြီး မြန်မာနိုင်ငံဆိုင်ရာ ဘရာဇီးသံရုံးမှ သံအမတ်ကြီး ဦးဆောင်၍  မြန်မာသင်္ဘောသားများ ထိန်းသိမ်းခံရခြင်း/ဒဏ်ကြေးငွေပေး ဆောင်ရ ခြင်းမှကင်းလွတ်ခွင့်ရရှိစေရန် ဘရာဇီးနိုင်ငံ၏ သက်ဆိုင်ရာအာဏာပိုင်များနှင့် ဆက်သွယ်ညှိနှိုင်းဆောင်ရွက်ပေးနေကြောင်း သိရသည်။

သို့ဖြစ်၍ သင်္ဘောကုမ္ပဏီများ၊ သင်္ဘောသားများအနေဖြင့်လည်း သံရုံးသို့ အချိန်မရွေး ဆက်သွယ်အကူအညီတောင်းခံနိုင်ပြီး သံရုံးမှလည်း ကူညီဆောင်ရွက်ပေးနေကြောင်း သတင်းရရှိသည်။

“အခုလက်ရှိ သင်္ဘောသားတွေ ရင်ဆိုင်နေရတဲ့ ဘရာဇီးလ်နိုင်ငံရဲ့ ဥပဒေက မြန်မာသင်္ဘောသားများတွေကိုပဲ အကျုံးဝင်တာမျိုးမဟုတ်ပါဘူး။ ILOC185 အရ နိုင်ငံတကာကအဖွဲ့ဝင် သင်္ဘောသားတွေအားလုံး အကျုံးဝင်တာဖြစ်ပါတယ်။ မြန်မာနိုင်ငံက ILOC185 မှာ လက်မှတ်ရေးထိုးထားတဲ့ နိုင်ငံဖြစ်တာကြောင့် မြန်မာသင်္ဘောသားတွေအနေနဲ့ Seafarers Identity Document (SID)ကို မှတ်ပုံတင် ရယူခွင့်ရှိပါတယ်။ (SID) မှတ်ပုံတင်ကိုင်ဆောင်ထားခြင်းမရှိတဲ့ သင်္ဘောသားတွေအနေနဲ့ကတော့ သင်္ဘောပေါ်မှာ ဆက်လက်နေထိုင်ဖို့ ဒါမှမဟုတ် သင်္ဘောပေါ်မှ ဆင်းဖို့အတွက် နည်းလမ်းကတော့ ဘရာဇီးနိုင်ငံကို နိုင်ငံခြားသားများ ဝင်ရောက်ခြင်းဆိုင်ရာ ပြည်ဝင်ခွင့်ဗီဇာ မူဘောင်နဲ့အညီ ဆောင်ရွက်သွားဖို့ပဲဖြစ်ပါတယ်။ ဒါကြောင့်မို့ မြန်မာသင်္ဘောသားတွေ ဘရာဇီးနိုင်ငံကို လာရောက်ရာမှ မြန်မာနိုင်ငံမှာရှိတဲ့ ဘရာဇီးသံရုံးမှာ Visit Visa ကြိုတင်ရယူဖို့ လိုအပ်မှာဖြစ်ပါတယ်” ဟု မြန်မာနိုင်ငံ ပင်လယ်ကူးသင်္ဘောသား ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ်မှဥက္ကဋ္ဌ ကပ္ပတိန်ဆန်းဦးက ပြောကြားသည်။

သို့ရာတွင် ဗီဇာရရှိထားရန် မဖြစ်နိုင်သည့်  သင်္ဘောပေါ်တွင် ၆လ သို့ မဟုတ် ၈လ ခန့်ထက်ပို၍ သင်္ဘောပေါ်တွင် လိုက်ပါလျက်ရှိပြီးသား သင်္ဘောသားများအတွက်  ဘရာဇီးရွှေ့ပြောင်းနေထိုင်ခြင်းဆိုင်ရာ ဥပဒေနှင့်အညီ မြန်မာသင်္ဘောသားများအား ဒဏ်ရိုက်ခြင်း၊ ပြည်နှင်ဒဏ်ပေးခံရခြင်း သို့မဟုတ် ပြစ်မှုကျူးလွန်သူများအဖြစ် အရေးယူခံရခြင်း မရှိစေရန် မြန်မာနိုင်ငံဆိုင်ရာ ဘရာဇီးသံရုံးမှ သံအမတ်ကြီး ဦးဆောင်၍ ဘရာဇီးနိုင်ငံ၏ သက်ဆိုင်ရာအာဏာပိုင်များကို ကြိုတင် မေတ္တာရပ်ခံအကြောင်းကြားသွားမည်ဖြစ်ကြောင်း သိရှိရသည်။

“(SID) မှတ်ပုံတင်ကိုင်ဆောင်ထားခြင်းမရှိတဲ့ မြန်မာသင်္ဘောသားတွေအတွက်  (DMA/SD) ကလည်း သက်ဆိုင်ရာဝန်ကြီးဌာနကို တင်ပြပြီး (SID) အမြန်ဆုံးရရှိစေဖို့ ဆောင်ရွက်ပေးနေပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ ဘရာဇီးလ်သံရုံးကလည်း  ဘရာဇီးနိုင်ငံရဲ့သက်ဆိုင်ရာ အာဏာပိုင်များကို ကြိုတင်မေတ္တာရပ်ခံအကြောင်းကြားပေးမှုတွေ ပြုလုပ်ပေးသွားမယ်လို့လည်း သိရပါတယ်” ဟု ကပ္ပတိန်ဆန်းဦးက ပြောကြားသည်။

Most Read

Most Recent