ရွှေစျေးနှုန်းများ မြင့်တက်နေသဖြင့် မန္တလေးတိုင်းနှင့် ရန်ကုန်တိုင်းမှ ရွှေလုပ်ငန်းရှင်အချို့ကို သက်ဆိုင်ရာက ခေါ်ယူမေးမြန်းဆွေးနွေးမှုများရှိနေ

ရွှေစျေးနှုန်းများ မြင့်တက်နေသဖြင့် မန္တလေးတိုင်းနှင့် ရန်ကုန်တိုင်းမှ ရွှေလုပ်ငန်းရှင်အချို့ကို သက်ဆိုင်ရာက ခေါ်ယူမေးမြန်းဆွေးနွေးမှုများရှိနေ
Published 16 June 2023

ရွှေစျေးနှုန်းများ မြင့်တက်နေသဖြင့် မန္တလေးတိုင်းနှင့် ရန်ကုန်တိုင်းမှ ရွှေလုပ်ငန်းရှင်အချို့ကို သက်ဆိုင်ရာက ခေါ်ယူမေးမြန်းဆွေးနွေးမှုများရှိနေကြောင်း ရွှေလုပ်ငန်းရှင်အသိုင်းအဝိုင်းမှ သိရသည်။

မန္တလေးမြို့ရှိ ရွှေလုပ်ငန်းရှင် ၁၂ ဦးအား ဇွန် ၁၅ ရက်တွင် စတင်ခေါ်ယူမေးမြန်းခဲ့ပြီး ဇွန် ၁၆ ရက်အထိ ဆက်လက်မေးမြန်းနေကြောင်း ရွှေလုပ်ငန်းရှင်အသိုင်းအဝိုင်းမှ သိရသည်။

မန္တလေးမြို့တွင် ဇွန် ၁ ရက်မှ ဇွန် ၂ ရက်အထိ ရွှေနှင့် ငွေကြေးစျေးကွက်စောင့်ကြည့်ထိန်းသိမ်းကြပ်မတ်ရေး လုပ်ငန်းကော်မတီ၏ ဦးဆောင်မှုဖြင့် ဗဟိုဘဏ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် အခြားသော သက်ဆိုင်ရာအဖွဲ့အစည်းများ ပါဝင်သည့် အဖွဲ့များက မြေပြင်တွင် သွားရောက်စစ်ဆေးမှုများ ရှိခဲ့သည်။

အလားတူ ရန်ကုန်တိုင်းရှိ ရွှေလုပ်ငန်းရှင်များကိုလည်း ခေါ်ယူမေးမြန်းမှုများရှိနေကြောင်း ရွှေလုပ်ငန်းရှင်အသိုင်းအဝိုင်းမှ သိရသည်။

ယင်းသို့ခေါ်ယူမေးမြန်းမှုများနှင့် ပတ်သက်ပြီး ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းထံ ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဆက်သွယ်မှုမရရှိသေးပေ။

ရွှေလုပ်ငန်းရှင်အချို့ကို ခေါ်ယူမေးမြန်းဆွေးနွေးမှုများ ရှိနေချိန်တွင် မန္တလေးတိုင်းရွှေလုပ်ငန်းရှင်များအသင်းက ရွှေစျေးနှုန်းတည်ငြိမ်ကျဆင်းရေးအတွက် ဇွန် ၁၆ ရက် (ယနေ့) နေ့လည်မှ စတင်ပြီး မီးလင်းအခေါက်ရွှေတုံးများကို ကျပ်သိန်း သုံးဆယ်ငါးသောင်းကျပ်ဖြင့် ရောင်းချပေးမည်ဖြစ်ကြောင်း၊ ရွှေလုပ်ငန်းရှင်များအသင်းအဖွဲ့ဝင်များမှ လွဲပြီး မည်သူမဆိုလွတ်လပ်စွာ ဝယ်ယူနိုင်ကြောင်း ထုတ်ပြန်ထားသည်။

ရောင်းချပေးမည့်နေရာမှာ မန္တလေးတိုင်းရွှေလုပ်ငန်းရှင်များအသင်းရုံးတွင် ဖြစ်ပြီး မှတ်ပုံတင်နှင့် အိမ်ထောင်စုဇယားယူလာရမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

Most Read

Most Recent