ပို့ကုန်ကဏ္ဍတွင် ဆန်စပါးသည် အရေးပါသည့်အတွက် တရုတ်နိုင်ငံအပါအဝင် ပြည်ပနိုင်ငံများသို့ ဆန်/ဆန်ကွဲ တင်ပို့ရာတွင် လိုက်နာဆောင်ရွက်ရမည့် SPS Protocol ဆိုင်ရာလုပ်ငန်းစဉ်များကို ဇွန် ၁၄ ရက်က လုပ်ငန်းရှင်များအား ရှင်းလင်းဆွေးနွေးခဲ့ကြောင်း ကုန်သည်စက်မှုအသင်းချုပ်မှ သိရသည်။
အဆိုပါဆွေးနွေးပွဲတွင် စိုက်ပျိုးရေးဦးစီးဌာန၊ နည်းပညာဆိုင်ရာ လုပ်ငန်းကော်မတီ အဖွဲ့ခေါင်းဆောင် ဒုတိယညွှန်ကြားရေးမှူးချုပ် ကိုယ်စားသီးနှံကာကွယ်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဦးဇော်လင်းမှ အဖွင့်အမှာစကား ပြောကြားခဲ့သည်။
မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌ ဦးရဲမင်းအောင်က “ဆန်တင်ပို့ရာမှာ မိမိတို့ရဲ့ ကုန်သွယ်ဖက် ပြည်ပနိုင်ငံတွေက သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်း၊ လိုက်နာရန်အချက်များကို သိရှိစေဖို့ ၊ သတ်မှတ်ချက်များနဲ့ကိုက်ညီသော ဆန်/ ဆန်ကွဲ တွေကို ပြည်ပသို့တင်ပို့ခြင်းဖြင့် ပို့ကုန် ဝင်ငွေရရှိဖို့မှီသလို ပြည်တွင်းမှာလည်း Food Safety အရည်အသွေးမီသော ဆန်များရရှိစေဖို့အတွက် ယနေ့ဆွေးနွေးပွဲကို မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က လုပ်ဆောင်ပေးခြင်းဖြစ်ပါတယ်။ လုပ်ငန်းရှင်များနဲ့ စက်ရုံ၊ အလုပ်ရုံ ၊ သိုလှောင်ရုံတွေမှာ တာဝန်ယူမဲ့သူများကို စနစ်တကျနဲ့အညီ ဆန်သိုလှောင်ထားရှိဖို့နဲ့ ပြည်ပသို့ တင်ပို့ရန် လိုက်နာဆောင်ရွက်ရမယ့်အချက်များကို ပြန်လည်မျှဝေပေးပါလို့ တိုက်တွန်းပြောကြားပါတယ်” ဟု ပြောကြားခဲ့သည်။
ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာနမှ SPS Protocol အရ ကွင်းဆင်းစစ်ဆေးခြင်းဆိုင်ရာ လုပ်ငန်းစဉ်များ ရှင်းလင်းဆွေးနွေးရာတွင် ကမ္ဘာ့ကုန်သွယ်မှုအသိုင်းအဝန်းတွင် ဆက်စပ်လျက်ရှိသော အဖွဲ့အစည်းများနှင့် လုပ်ငန်းစဉ်များ၊ အစားအစာ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် အပင်ကျန်းမာရေးဆိုင်ရာ နည်းလမ်းများအတွက် ဦးဆောင်သော အဖွဲ့အစည်းများ ၊ မြန်မာနိုင်ငံ၏ နယ်စပ်စစ်ဆေးရေးစခန်း (၁၆)ခု ၊ သီးနှံ ပိုးမွှားရောဂါပြန့်ပွားမှု ထိန်းချုပ်ရေးဌာနစု၏ ဆောင်ရွက်သည့် လုပ်ငန်းစဉ်များ၊ ပိုးမွှားကင်းရှင်းကြောင်း သက်သေခံလက် မှတ်ထုတ်ပေးခြင်း လုပ်ငန်းစဉ်အဆင့်ဆင့် တို့ကို ဆွေးနွေးခဲ့သည်။
ထို့နောက်နေ့လည်ပိုင်းတွင် မြန်မာ့ကုန်ပစ္စည်းစစ်ဆေးရေးနှင့် စမ်းသပ်မှုလုပ်ငန်း လီမိတက် (MITS) မှ ကွင်းဆင်းစစ်ဆေးခြင်းဆိုင်ရာလုပ်ငန်းစဉ်များကို တာဝန်ရှိသူမှ ဆက်လက်ရှင်းလင်းဆွေးနွေးခဲ့သည်။
စားသုံးသူရေးရာဦးစီးဌာနမှ ဆန်စက် Unit များအပေါ် ကွင်းဆင်းစစ်ဆေးခြင်းဆိုင်ရာ လုပ်ငန်းစဉ်များ ရှင်းလင်းဆွေးနွေးခြင်း၊ မြန်မာ့ကုန်ပစ္စည်း စစ်ဆေးရေးနှင့် စမ်းသပ်မှုလုပ်ငန်းလီမိတက်မှ တရုတ်နိုင်ငံအပါအဝင် နိုင်ငံတကာသို့ ဆန်/ဆန်ကွဲတင်ပို့ရာတွင် ကုမ္ပဏီများမှ လိုက်နာဆောင်ရွက်ရမည့် သိုလှောင်ရုံတွင် ကုန်ပစ္စည်း သိုလှောင်ထားရှိမှု စိစစ်ခြင်းစသည်တို့ကို ဆွေးနွေးခဲ့ကြသည်။ အဆိုပါဆွေးနွေးပွဲသို့ တာဝန်ရှိသူများနှင့်ဆန်စက်၊ ဆန်စပါးလုပ်ငန်းများမှ ပို့ကုန်ကိုယ်စားလှယ်များ စုစုပေါင်း (၃၀၀)ကျော် တက်ရောက်ခဲ့ကြသည်။









