လက်ရှိဘဏ္ဍာနှစ်အတွင်း နှစ်လကျော် အတွင်း မြန်မာနိုင်ငံ၏ပြည်ပကုန်သွယ်မှုတွင် ကုန်သွယ်မှုလိုငွေ ဒေါ်လာသန်း ၁၂၀၀ ကျော် အထိဖြစ်ပေါ်ခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။
၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ ဇွန် ၂ ရက်အထိ ပို့ကုန်တန်ဖိုးဒေါ်လာ၂၁၃၄ ဒသမ ၂၀၅ သန်း၊ သွင်းကုန်တန်ဖိုးဒေါ်လာ ၃၃၄၄ ဒသမ ၉၆၇ သန်းအထိရှိကာ ကုန်သွယ်ရေးလိုငွေ ဒေါ်လာ ၁၂၁၀ ဒသမ ၇၆၂ သန်းအထိ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း ကုန်သွယ်မှုပိုငွေ ဒေါ်လာသန်း ၁၅၀၀ ရှိရန် ရည်မှန်းထားသော်လည်း ဘဏ္ဍာနှစ်ကုန်ဆုံးချိန်တွင် ကုန်သွယ်မှုလိုငွေ ဒေါ်လာ ၇၇၄ သန်းကျော်အထိဖြစ်ပေါ်ခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည့်စာရင်းများအရ သိရသည်။
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဧပြီမှ မတ်လအထိကာလအတွင်း မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှုပမာဏတွင် ပို့ကုန်ကဏ္ဍမှ ဒေါ်လာ ၁၅ ဒသမ ၅ဘီလျံ(၁၅၅၀၀ သန်း)၊ သွင်းကုန်ကဏ္ဍမှ ဒေါ်လာ ၁၄ဘီလျံ(၁၄၀၀၀ သန်း)ဖြင့် စုစုပေါင်းကုန်သွယ်မှုဒေါ်လာ ၂၉ ဒသမ ၅ ဘီလျံ(၂၉၅၀၀ သန်း)၊ ကုန်သွယ်မှု ပိုငွေဒေါ်လာသန်း ၁၅၀၀ ရရှိရန် ရည်မှန်းထားကြောင်း ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် အရအသုံးခန့်မှန်းခြေငွေစာရင်းဆိုင်ရာ အချက်အလက်များအရ သိရသည်။
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဧပြီမှ မတ် ၃၁ရက်အထိ ပို့ကုန်တန်ဖိုးဒေါ်လာ ၁၆၅၇၅ ဒသမ ၃၃၄ သန်း(၁၆ ဒသမ ၅၇၅ ဘီလျံ)၊ သွင်းကုန်တန်ဖိုးဒေါ်လာ၁၇၃၄၉ ဒသမ ၇၅၂ သန်း(၁၇ ဒသမ ၃၄၉ ဘီလျံ)ရှိခဲ့ကာ ကုန်သွယ်မှုလိုငွေဒေါ်လာ ၇၇၄ ဒသမ ၄၁၈ သန်း ဖြစ်ပေါ်ခဲ့သည်။
ကုန်သွယ်မှုလိုငွေဆိုသည်မှာ မိမိနိုင်ငံက တင်ပို့သည့်ပို့ကုန်ပမာဏထက် အခြားပြည်ပနိုင်ငံများမှ တင်သွင်းရသည့် သွင်းကုန်ပမာဏ ပိုများနေခြင်းကို ဆိုလိုသည်။
မြန်မာနိုင်ငံအနေဖြင့် ပြည်ပနိုင်ငံများသို့ လယ်ယာထွက်ပစ္စည်း၊ တိရစ္ဆာန်ထွက်ပစ္စည်း၊ ရေထွက်ပစ္စည်း၊ သတ္တုတွင်းပစ္စည်း၊ သစ်တောထွက်ပစ္စည်း၊ စက်မှုကုန်ချော၊ အခြားကုန်ပစ္စည်းများကို တင်ပို့လျက်ရှိသည်။
ပြည်ပနိုင်ငံများသို့ ရင်းနှီးမြှုပ်နှံမှုပစ္စည်း၊ လုပ်ငန်းသုံးကုန်ကြမ်းပစ္စည်း၊ လူသုံးကုန် ပစ္စည်း၊ CMP ကုန်ကြမ်း စသည်တို့ကို အဓိက တင်သွင်းနေခြင်းဖြစ်သည်။
မြန်မာနိုင်ငံမှ ပို့ကုန်တိုးမြှင့်တင်ပို့နိုင်ရေးအတွက် အမျိုးသားပို့ကုန်မဟာဗျူဟာ အကောင်အထည်ဖော်နေပြီး အမျိုးသားပို့ကုန်မဟာဗျူဟာ ၂၀၂၀- ၂၀၂၅ ၏အဓိက ဦးစားပေးကဏ္ဍများတွင် လယ်ယာထွက်ကုန်ပစ္စည်း အခြေခံ စားသောက်ကုန်ထုတ်လုပ်ခြင်းကဏ္ဍ၊ အထည်အလိပ်နှင့်အဝတ်အထည်ကဏ္ဍ၊ စက်မှုနှင့်လျှပ်စစ်ပစ္စည်းကဏ္ဍ၊ ရေထွက်ကုန်လုပ်ငန်းကဏ္ဍ၊ သစ်တောထွက်ပစ္စည်းကဏ္ဍ၊ ဒစ်ဂျစ်တယ်ထုတ်ကုန်များနှင့်ဝန်ဆောင်မှုကဏ္ဍ၊ ထောက်ပံ့ပို့ဆောင်ရေးဝန်ဆောင်မှုကဏ္ဍ၊ အရည်အသွေးစီမံခန့်ခွဲမှုကဏ္ဍ၊ ကုန်သွယ်မှုသတင်းအချက်အလက်ဝန်ဆောင်မှုကဏ္ဍ ၊ တီထွင်ဆန်းသစ်မှုနှင့်စွန့်ဦးတီထွင်ဆောင်ရွက်ခြင်းကဏ္ဍစသည်တို့ပါဝင်ကြောင်း သိရသည်။
၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ကြားကာလ ခြောက်လတွင် ပို့ကုန်မြင့်တက်ခဲ့သဖြင့် ကုန်သွယ်ရေးပိုငွေ ဒေါ်လာ ၆၇၇ ဒသမ ၂၂၆ သန်းဖြစ်ပေါ်ခဲ့သည်။ ၂၀၂၀-၂၀၂၁ ဘဏ္ဍာ နှစ်တွင် ပို့ကုန်မြင့်တက်ခဲ့သဖြင့် ကုန်သွယ်ရေးပိုငွေ ၆၇၇ ဒသမ ၂၂၆ သန်းဖြစ်ပေါ်ခဲ့သည်။









