ဒိတ်နေသည့်ဓာတ်ပုံများ ပေါက်ကြားလာပြီးနောက် နယူးယော့ခ်ရှိ ထိပ်တန်းကလပ်တစ်ခုတွင် အဖွဲ့ဝင်ထားခြင်းကို တေလာဆွစ် ဖျက်သိမ်း

ဒိတ်နေသည့်ဓာတ်ပုံများ ပေါက်ကြားလာပြီးနောက် နယူးယော့ခ်ရှိ ထိပ်တန်းကလပ်တစ်ခုတွင် အဖွဲ့ဝင်ထားခြင်းကို တေလာဆွစ် ဖျက်သိမ်း
Photo: Page Six
Photo: Page Six
Published 14 June 2023

ပြီးခဲ့သည့်လက မတ်တီဟီလီနှင့်ဒိတ်နေစဉ် ရိုက်ကူးခံထားရသည့် ဓာတ်ပုံများ ပေါက်ကြားလာပြီးနောက် နယူးယော့ခ်တွင် အဖွဲ့ဝင်များသာလာရောက်ခွင့်ရှိသည့် ထိပ်တန်း Casa Cipriani ကလပ်တွင် အဖွဲ့ဝင်ထားခြင်းကို တေလာဆွစ်က ဖျက်သိမ်းလိုက်သည်ဟု  သတင်းရင်းမြစ်တစ်ဦးက Page Six မီဒီယာသို့ ပြောသည်။

ထိုကလပ်တွင် ဓာတ်ပုံမရိုက်ရဆိုသည့် စည်းကမ်းသတ်မှတ်ထားသည့်ကြားထဲမှ ဆွစ်နှင့် ရော့ခ်ဂီတအဖွဲ့ The 1975 မှ ခေါင်းဆောင် မက်တီဟီလီတို့ တွဲရှိနေသည်ကို အဖွဲ့ဝင်အချို့က ဓာတ်ပုံရိုက်တင်ခဲ့ခြင်းဖြစ်သည်။

အဖွဲ့ဝင်အဖြစ်မှ တေလာဆွစ် ထွက်လိုက်သည်ဆိုသည့်သတင်းကို ကလပ်ဘက် က ဝန်မခံသေးပေ။ သို့သော်အဖွဲ့ဝင်များအား သတိပေးကြေညာချက်ထုတ်ထားပြီး လတ်တလောရက်ပိုင်းအတွင်း ကလပ်တွင် ဓာတ်ပုံခိုးရိုက်မှုများ ရှိနေသည်ကို သိရကြောင်း၊ ထိုလုပ်ရပ်သည် အခြားသောအဖွဲ့ဝင်များ၏ ကိုယ်ရေးလုံခြုံမှုကိုချိုးဖောက်နေကြောင်း၊  ထိုသို့ချိုးဖောက်သူ မည်သူမဆို ကလပ်အဖွဲ့ဝင်အဖြစ်မှ ချက်ချင်းထုတ်ပယ်ခံရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

ထိုဖြစ်ရပ်နှင့်ပတ်သက်ပြီး ကလပ်အဖွဲ့ဝင်နှစ်ဦး အပြီးတိုင်အထုတ်ခံခဲ့ရပြီး၊ နောက်တစ်ဦးက အဖွဲ့ဝင်အဖြစ်မှ ဆိုင်းငံ့ခံရကာ အဖွဲ့ဝင်ဖြစ်လိုလျှင် ပြန်လျှောက်ထားရမည် ဖြစ်သည်။

ကလပ်တာဝန်ရှိသူတစ်ဦးကမူ ဆွစ်က အဖွဲ့ဝင်ဖြစ်ခြင်းမှ ထွက်လိုက်သည်ဆိုခြင်းမှာ လုံးဝမဟုတ်ဟု ငြင်းထားကာ အဖွဲ့ဝင်အချို့ကို ထုတ်လိုက်သည့်သတင်းကိုမူ ဝန်ခံခဲ့သည်။

၂၀၂၁ ခုနှစ်၊ သြဂုတ်တွင်ဖွင့်လှစ်ခဲ့သည့်  Casa Cipriani ကလပ်သည် လီယိုနာဒိုကဲ့သို့ ဒိတ်ဒိတ်ကြဲအနုပညာရှင်များ သွားတတ်သည့် အထင်ကရနေရာတစ်ခုဖြစ်သည်။

မက်တီနှင့်ဆွစ်တို့ ချစ်သူဖြစ်နေသည်ကို  ပရိသတ်ကသိသည်မှာ တစ်လပင်ရှိသေးချိန် ပြတ်ပြီဆိုသည့်သတင်း ထွက်လာခဲ့သည်။  မက်တီမတိုင်မီ ဆွစ်က ဗြိတိန်သရုပ်ဆောင် ဂျိုးအယ်လ်ဝင်နှင့် ခြောက်နှစ်တွဲခဲ့သည်။ အယ်လ်ဝင်နှင့်ပတ်သက်မှုက လျှို့ဝှက်ခဲ့ပြီး ဆွစ်က၎င်း၏ You’re Losing Me သီချင်းသစ်တွင် အယ်လ်ဝင်က ၎င်းကိုလက်မထပ်လိုကြောင်း ထည့်ရေးခဲ့သည်။