ပြည်တွင်း၌ ဆန်ဝယ်ယူရာတွင် ပြည်ပဘဏ်ငွေစာရင်းများသို့ ငွေကြေးလွှဲပြောင်းမှုလက်ခံခဲ့သည့် ကုမ္ပဏီသုံးခုအား Black List သတ်မှတ်ကြောင်း DICA ကြေညာ

ပြည်တွင်း၌ ဆန်ဝယ်ယူရာတွင် ပြည်ပဘဏ်ငွေစာရင်းများသို့ ငွေကြေးလွှဲပြောင်းမှုလက်ခံခဲ့သည့် ကုမ္ပဏီသုံးခုအား Black List သတ်မှတ်ကြောင်း DICA ကြေညာ
ရန်ကုန်မြို့ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနရုံးကို တွေ့ရစဉ်
ရန်ကုန်မြို့ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနရုံးကို တွေ့ရစဉ်
Published 8 June 2023

ပြည်တွင်း၌ ဆန်ဝယ်ယူရာတွင် ပြည်ပဘဏ်ငွေစာရင်းများသို့ ငွေကြေးလွှဲပြောင်း မှုလက်ခံခဲ့သည့် ကုမ္ပဏီသုံးခုအား ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနတွင် Black List သတ်မှတ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA)မှ ထုတ်ပြန်ထားသည်။

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန အွန်လိုင်းမှတ်ပုံတင်စနစ်တွင် ဖွဲ့စည်းမှတ်ပုံတင်ထားသော ကုမ္ပဏီများအနေဖြင့် မြန်မာနိုင်ငံကုမ္ပဏီများဥပဒေပါ ပြဋ္ဌာန်းချက်များကို လေးစားလိုက်နာရမည့်အပြင်  မိမိတို့လုပ်ကိုင်ဆောင်ရွက်နေသော လုပ်ငန်းခွင်နှင့်သက်ဆိုင်သည့် အစိုးရဌာန၊အဖွဲ့အစည်းများမှ ချမှတ်ထားသော အခြားတည်ဆဲဥပဒေနှင့်နည်းဥပဒေများ လိုက်နာခြင်းမရှိကြောင်း တွေ့ရှိရပါက ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၏ ဝက်ဘ်ဆိုက်တွင် မှတ်ပုံတင်အရာရှိက အများပြည်သူသိရှိစေရန် ကြေညာသွားမည်ဖြစ်ကြောင်း အသိပေးကြေညာခဲ့ပြီးဖြစ်သည်။

ပြည်တွင်း၌ ဆန်ဝယ်ယူရာတွင် ပြည်ပဘဏ်ငွေစာရင်းများသို့ ငွေကြေးလွှဲပြောင်းမှု လက်ခံခဲ့သည့် Paing Family International Co.,Ltd, Millionnarie Phyo Trading Co.,Ltd, Ayar Thu Kha San Pules & Beans Trading Co.,Ltd စသည့်အမည်တို့ဖြင့် ကုမ္ပဏီသုံးခုအား ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနတွင် ၂၀၂၃ ခုနှစ် ဇွန် ၇ ရက်မှစ၍ အမည်မည်းစာရင်း (Black List) ထည့်သွင်းသတ်မှတ်ခဲ့ခြင်းကို သိရှိနိုင်ရန် အသိပေးကြေညာပါကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနက မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ ၂၀၁၇ အရ ကုမ္ပဏီများနှင့် မှတ်ပုံတင်ထားသော အဖွဲ့အစည်းများအားလုံးအတွက် အများနှင့်သက်ဆိုင်သော မှတ်ပုံတင်စနစ်တစ်ရပ်အနေဖြင့် အီလက်ထရွန်နစ်ကုမ္ပဏီမှတ်ပုံတင်စနစ် (MyCO) ကို တည်ထောင်ထိန်းသိမ်းထားသည်။ MyCO မှတ်ပုံတင်စနစ်မှ သတင်းအချက်အလက်များကို အီလက်ထရွန်နစ်ဖြင့် ထိန်းသိမ်းထားပြီး နေ့စဉ် ၂၄ နာရီပတ်လုံး အများပြည်သူဝင်ရောက်ကြည့် ရှုနိုင်သည်။

ကုမ္ပဏီ သို့မဟုတ်အဖွဲ့အစည်းတစ်ခုသည် မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ ၂၀၁၇ နှင့် ၁၉၅၀ ခုနှစ် အထူးကုမ္ပဏီအက်ဥပဒေနှင့်အညီ MyCO မှတ်ပုံတင်စနစ်တွင် မှတ်ပုံတင်နိုင်သည်။ MyCO မှတ်ပုံတင်စနစ်တွင် မှတ်ပုံတင်နိုင်သော ကုမ္ပဏီနှင့် အဖွဲ့အစည်းအမျိုးအစားများမှာ အစုအားဖြင့် တာဝန်ကန့်သတ်ထားသည့်အများနှင့်မသက်ဆိုင်သည့်ကုမ္ပဏီ၊ အစုအားဖြင့် တာဝန်ကန့်သတ်ထားသည့် အများနှင့်သက်ဆိုင်သည့် ကုမ္ပဏီ၊ ခံဝန်ချက်အားဖြင့် တာဝန်ကန့်သတ်ထားသည့်ကုမ္ပဏီ၊ တာဝန်ကန့်သတ်မထားသည့်ကုမ္ပဏီ၊ စီးပွားရေးလုပ်ငန်းအသင်းအဖွဲ့၊ ၁၉၅၀ ခုနှစ် အထူးကုမ္ပဏီအက်ဥပဒေအရ အစုအားဖြင့် တာဝန်ကန့်သတ်ထားသည့် အများနှင့်သက်ဆိုင်သည့်ကုမ္ပဏီ၊ ၁၉၅၀ ခုနှစ်အထူးကုမ္ပဏီအက်ဥပဒေအရ အစုအားဖြင့် တာဝန်ကန့်သတ်ထားသည့်အများနှင့်မသက်ဆိုင်သည့်ကုမ္ပဏီ၊ ပြည်ပကော်ပိုရေးရှင်းတို့ဖြစ်သည်။

Most Read

Most Recent