တရုတ်ဘက်၌ ချိပ်ပိတ်ခံထားရသည့် မြန်မာကုန်သည်များ၏ နှမ်းနှင့် ပဲမျိုးစုံ တန်ချိန်တစ်သောင်းကျော်ကို   ဇွန်လ ဒုတိယပတ်အတွင်း လေလံပစ်မည်ဟု ကနဦးသတင်းများအရသိရ

တရုတ်ဘက်၌ ချိပ်ပိတ်ခံထားရသည့် မြန်မာကုန်သည်များ၏ နှမ်းနှင့် ပဲမျိုးစုံ တန်ချိန်တစ်သောင်းကျော်ကို   ဇွန်လ ဒုတိယပတ်အတွင်း လေလံပစ်မည်ဟု ကနဦးသတင်းများအရသိရ
မြန်မာ-တရုတ်နယ်စပ်ဂိတ်တစ်ခုကို တွေ့ရစဉ်
မြန်မာ-တရုတ်နယ်စပ်ဂိတ်တစ်ခုကို တွေ့ရစဉ်
Published 8 June 2023

တရုတ်ဘက်တွင် ချိပ်ပိတ်ခံထားသည့် မြန်မာကုန်သည်များ၏ နှမ်းနှင့် ပဲမျိုးစုံတန် ချိန်တစ်သောင်းကျော်ကို  ဇွန်လ ဒုတိယပတ်အတွင်း လေလံပစ်မည်ဟု မူဆယ်နယ်စပ်မှ ရရှိသောသတင်းများအရ သိရသည်။

“အစတုန်းက ဇွန် ၆ ရက်နေ့မှာ လေလံပစ်မယ်လုပ်ထားတာ။ ဒါပေမဲ့ ၆ ရက်နေ့က မလုပ်ဖြစ်ဘူး။ ၁၄ ရက်နေ့ လေလံပစ်မယ်ဆိုပြီး သတင်းကြားပါတယ်”ဟု မူဆယ်နယ်စပ်မှ ကုန်သည်တစ်ဦးက ပြောကြားခဲ့သည်။

မြန်မာ-တရုတ်နယ်စပ် ဝမ်တိန်ဂိုဒေါင်၌ရှိသည့် နှမ်းနှင့် ပဲမျိုးစုံကို တရုတ်အစိုးရက ချိပ်ပိတ်ထားသည့်အတွက် မြန်မာကုန်သည်များက မန္တလေးပွဲစား၊ ကုန်သည်စက်ပိုင်များ ကထိန်တော်အသင်း (မန္တလေးကုန်စည်ဒိုင်) တွင် မေ ၃၀ ရက်က ရှင်းလင်းပွဲကျင်းပခဲ့သည်။

“ရှင်းလင်းပွဲလုပ်ရတဲ့ ခေါင်းစဉ်က မြန်မာ  -တရုတ်နယ်စပ် ဝမ်တိန်ဂိုဒေါင်မှာရှိတဲ့ တရုတ် အစိုးရချိပ်ပိတ်ထားသည့်နှမ်းနဲ့ ပဲမျိုးစုံအတွက် မြန်မာကုန်သည်များက ရှင်းလင်းတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဧပြီလတုန်းက တရုတ်ဘက်က အကျိုးဆောင်ကုမ္ပဏီတွေက အစိုးရက ဥပဒေနဲ့မညီဘူးဆိုပြီး မြန်မာကုန်သည် တွေရဲ့ကုန်ပစ္စည်းတွေ သိမ်းဆည်းတာပါ။ မန္တလေးပဲကုန်သည်တွေရဲ့ ပဲနှမ်းတွေ ချိပ်ပိတ်ခံထားရတယ်။ အကျိုးဆောင်ပေးတဲ့ကုမ္ပဏီတွေက သူတို့ရဲ့ကုန်တွေ မဟုတ်ဘူးဆိုပြီး ကိုယ်လွတ်ရုန်းသွားလို့ ပဲတွေက မြန်မာပြည်ကနေ တရားဝင်အခွန်ဆောင်ပြီး တရုတ်ဘက်က ဂိုဒေါင်မှာ သွားချထားတဲ့ကုန်တွေပါ။ ချိပ်ပိတ်ထားတဲ့ကုန်တွေက တရုတ်ကုန်သည်တွေရဲ့ ကုန်မဟုတ်ပါဘူး။ မြန်မာကုန်သည်တွေရဲ့ကုန်ပါ” ဟု မန္တလေးပွဲစား၊ ကုန်သည်စက်ပိုင်များ ကထိန်တော်အသင်း (မန္တလေးကုန်စည်ဒိုင်) ပြန်ကြားရေးတာဝန်ခံက ဆိုသည်။

“မေ ၃၀ ရက်က ပြုလုပ်သည့်ရှင်းလင်းပွဲက တရုတ်မှာ သိမ်းဆည်းခံထားရတဲ့ ပဲနှမ်းတွေက မြန်မာပြည်ကနေ တရားဝင်အခွန်ဆောင်ထားတဲ့ ပဲနှမ်းတွေပါ။ တရားဝင်အခွန်ဆောင်ထားပြီး ဟိုဘက်မှာချိပ်ပိတ်ခံထားရတော့ နစ်နာမှုရှိတဲ့အတွက် ရှင်းလင်းတာပါ”ဟု မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မူလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးဝင်းဌေးက ပြောကြားသည်။

“ယနေ့ ရှင်းလင်းရတာက တရုတ်ပြည် ဝမ်တိန်ဘက်မှာ ကိုဗစ်ကာလတုန်းက အဲဒီဘက်မှာ ဂိုဒေါင်ချရောင်းတာလေ။ အရင်တုန်းက မြန်မာဘက် ၁၀၅ မိုင်မှာ ရောင်းချကြတာ။ အခုနောက်ပိုင်း သရက်၊ ဖရဲ၊ သခွား အကုန်လုံးကို ဝမ်တိန်ဘက် ဂိုဒေါင်မှာချပြီး ဟိုဘက်က ကုန်သည်ကို ရောင်းချရတာပါ။ အခု ပဲတွေ နှမ်းတွေ ဟိုဘက် ဝမ်တိန်မှာရှိတဲ့ ဂိုဒေါင်ထဲက ပစ္စည်းတွေက မြန်မာကုန်သည်တွေပိုင်တာပါ မန္တလေးကုန်စည်ဒိုင်က ကုန်သည်တွေပိုင်တဲ့ ပဲနှမ်းတွေပေါ့။ တန်ချိန်တစ် သောင်းကျော်ရှိတယ်။ အဲဒါကို တရုတ်အစိုးရဘက်က မှောင်ခိုဝင်ရောက်တယ်ဆိုပြီးတား ဆီးပိတ်ပင်ပြီး အကုန်လုံးကို လေလံပြန်ပစ်မယ်လုပ်နေလို့ အခုလို ရှင်းလင်းပွဲလုပ်တာပါ။ မြန်မာဘက်က လိုင်စင်တင်ပို့ခွင့် အကုန် တရားဝင်သွားထားတဲ့ကုန်တွေပါ။ တရုတ်ဘက်ကလည်း တရားဝင်စစ်ဆေးပြီးမှ ဂိုဒေါင်ထဲရောက်တဲ့ကုန်ပစ္စည်းတွေပါ။ ကုန်တွေက အခုချက်ချင်းရောင်းနေတဲ့ကုန်တွေမဟုတ်ဘူး။ ၂၀၂၂  ခုနှစ် ၁၂ လပိုင်း ကိုဗစ်ကာလတုန်းက ရောက်နေတဲ့ ပစ္စည်းတွေပါ။ တရုတ်ဘက်က အခုမှထပြီး တရားမဝင်ကုန်တွေပါဆိုပြီး ပိတ်သိမ်းပြီး လေလံပစ်မယ်လုပ်နေလို့ နိုင်ငံတော်က ဒါကို ကူညီဆောင်ရွက်ပေးဖို့ ရှင်းလင်းပြတဲ့သဘောပါ” ဟု မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးဝင်းဌေးက ပြောကြားသည်။

Most Read

Most Recent