Fast & Furious ရုပ်ရှင်ဇာတ်ကားသစ်တွင် ဒွိန်းဂျွန်ဆင် ပြန်လည်သရုပ်ဆောင်မည်

Fast & Furious ရုပ်ရှင်ဇာတ်ကားသစ်တွင် ဒွိန်းဂျွန်ဆင် ပြန်လည်သရုပ်ဆောင်မည်
Published 6 June 2023

မင်းသားဗင်ဒီဇယ်နှင့် စိတ်သဘောထားကွဲလွဲပြီးနောက် ၂၀၂၁ ခုနှစ်တွင် Fast & Furious ဇာတ်ကားတွင် ပါမလာတော့သည့် ဒွိန်းဂျွန်ဆင်ကို နောက်လာမည့်ဇာတ်ကားသစ်တွင် Luke Hobbs နေရာမှ ပြန်လည်မြင် တွေ့ရတော့မည်ဖြစ်သည်။ ဇာတ်ကားအမည်ကိုမူ မပေးရသေးပေ။

“Fast & Furious ဇာတ်ကားအသစ်မှာ Hobbs ပြန်ပါလာမယ်” ဟု အသက် ၅၁ နှစ်အရွယ်ရှိ ဒွိန်းဂျွန်ဆင်က တွစ်တာတွင် ဗီဒီယိုဖြင့်ပရိသတ်ကို  အသိပေးထားသည်။ ထိုဇာတ်ကားသစ်က Fast X:Part II  ဖြစ် လိမ့်မည်ဟုလည်း ၎င်းက ဆိုသည်။

၂၀၀၁ ခုနှစ်မှ ယနေ့အထိ ရုံတင်လာခဲ့သည့် Fast & Furious ဇာတ်ကားများသည်  ကမ္ဘာတစ်ဝန်း လက်မှတ်ရောင်းရငွေ အမေရိကန်ဒေါ်လာ ခုနစ်ဘီလျံကျော်အထိရခဲ့ပြီး ယနေ့အထိ ဝင်ငွေအကောင်းဆုံး ပဥ္စမမြောက် ဇာတ်ကားစီးရီး ဖြစ်လာခဲ့သည်။

ပြီးခဲ့သည့်လကနောက်ဆုံးထွက်ထားသည့် ဇာတ်ကားက Fast X ဖြစ်ပြီး ဗင်ဒီဇယ်နှင့် ဂျေဆင်မိုမိုအာတို့ ပါဝင်သရုပ်ဆောင်ထားသည်။The Super Mario Bros.Movie  အန်နီမေးရှင်းဇာတ်ကားပြီးလျှင် Fast X က ယခုနှစ်အတွင်း ရုံဖွင့်လှခဲ့သည့် ဒုတိယမြောက်လူကြည့်အများဆုံး ဇာတ်ကားလည်းဖြစ်သည်။

Fast & Furious II တွင် ပြန်လည်ပါဝင်ရန် ဗင်ဒီဇယ်က ဒွိန်းဂျွန်ဆင်ကို ဖိတ်ခေါ်ခဲ့သေးသည်။ ဗင်ဒီဇယ်က Fast & Furious စီးရီး၏ အဓိကမင်းသားလည်းဖြစ်၊ ပရိုဂျူဆာလည်း ဖြစ်သည်။

၎င်းတို့နှစ်ဦးအကြား ဆက်ဆံရေးအဖု အထစ်သည် နှစ်ချီကြာခဲ့ပြီး၂၀၁၇ ခုနှစ်က စခဲ့သည်။ ထိုအချိန်က  အင်စတာဂရမ်ပို့စ် တစ်ခုတွင် ဂျွန်ဆင်က အချို့သော တွဲဖက်မင်းသားများသည် တကယ့်ပညာရှင်များအတိုင်း ပြုမူကြသည်ဟု မကျေမနပ်ရေးတင်ခဲ့သည်။ ဗင်ဒီဇယ်ကလည်း ရိုက်ကွင်းတွင် ဒွိန်းဂျွန်ဆင်၏ သရုပ်ဆောင်မှုများ တိုးတက်လာအောင် ၎င်းက တင်းကျပ်ခဲ့ရခြင်းဖြစ်သည်ဟု တုံ့ပြန်ခဲ့သည်။ဂျွန်ဆင်သည် ၂၀၁၁ ခုနှစ်က Fast X တွင် ဖက်ဒရယ်အေးဂျင့် Luke Hobbs နေရာမှ စတင်ပါဝင်ခဲ့ပြီး F6၊ F7၊ F8 တို့တွင် ဆက်လက်ပါဝင်ခဲ့ကာ F9 တွင် မပါတော့ပေ။

သို့သော် လက်ရှိတွင် ၎င်းတို့နှစ်ဦး ပြန်လည်သင့်မြတ်နေကြပြီဖြစ်သည်။ Fast 10 က ဇာတ်သိမ်းပိုင်းနှစ်ပိုင်းအနက် ပထမပိုင်းဖြစ်ပြီး ဒုတိယပိုင်းကို ထိုင်ဝမ်ဖွားအမေရိကန် ဒါရိုက်တာ ဂျက်စတင်လင်က ဆက်ရိုက်မည်။