ဗဟိုဘဏ်က နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ကျပ် ၂၁၀၀ စျေးသတ်မှတ်ထားပြီး ပြင်ပစျေးကွက်တွင် တစ်ဒေါ်လာ ကျပ် ၂၉၃၀ ဝန်းကျင်ရှိနေဟုသိရ

ဗဟိုဘဏ်က နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ကျပ် ၂၁၀၀ စျေးသတ်မှတ်ထားပြီး ပြင်ပစျေးကွက်တွင် တစ်ဒေါ်လာ ကျပ် ၂၉၃၀ ဝန်းကျင်ရှိနေဟုသိရ
Published 3 June 2023

မြန်မာနိုင်ငံတော်ဗဟိုဘဏ်က နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာကျပ် ၂၁၀၀ စျေး  သတ်မှတ်ထားသော်လည်း ဇွန် ၂ရက်က ပြင်ပစျေးကွက်တွင် တစ်ဒေါ်လာ ကျပ် ၂၉၃၀ ဝန်းကျင်ရှိနေကြောင်း နိုင်ငံခြားငွေကြေး ရောင်းဝယ်သူများထံမှ သိရသည်။

“အခုကတော့ ပြင်ပစျေးကွက်မှာ ဒေါ်လာဝယ်ရောင်းစျေးက ၂၉၀၀ ကျော်မှာ ရှိနေပါတယ်။ ခုနေ့လည်မှာတော့  ၂၉၁၀ ဝန်းကျင်မှာ ရှိနေပါတယ်။ ခုနေ့လည်မှာတော့ တစ်ဒေါ်လာ ၂၉၂၀ ကျပ်  နဲ့ ဝယ်ပြီး ၂၉၃၀ နဲ့ ပြန်ရောင်းနေတာကို တွေ့ရပါတယ်”ဟု ငွေလဲကောင်တာတွင် ဒေါ်လာ သွားရောက်ရောင်းချသူတစ်ဦးက ဆိုသည်။

ပြည်တွင်းစျေးကွက်အတွင်း ၂၀၂၃ ခု နှစ် ဇွန် ၂ ရက်တွင်ဖြစ်ပေါ်သော အခြား နိုင်ငံခြားငွေကြေးများ လဲလှယ်မှုနှုန်းထားများမှာ ယူရို၃၁၁ဝကျပ်၊ စင်ကာပူ ဒေါ်လာ ၂၁၆၀ ကျပ်၊ မလေးရှားရင်းဂစ် ကျပ် ၆၅၅ ၊ ထိုင်း ဘတ် ကျပ်၈၅.၄၀၊ တရုတ်ယွမ် ၄၁၈ ကျပ်၊ ဂျပန်ယန်း ၂၁.၂၀ ကျပ်တို့ဖြစ်ကြောင်း သိရသည်။

နိုင်ငံခြားငွေများ တရားမဝင်ရောင်းဝယ်နေသည့် အွန်လိုင်းလုပ်ငန်းများကို နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေနှင့် စည်းမျဉ်းများအရ ထိရောက်စွာအရေးယူမည်ဖြစ်ကြောင်း သြဂုတ် ၂၇ ရက်ဖြင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။

တရားမဝင်အွန်လိုင်းသတင်းမီဒီယာများမှ နိုင်ငံစီးပွားရေးတိုးတက်မှုကို အဟန့်အတားဖြစ်စေရန်နှင့် အများပြည်သူများအား စိုးရိမ်ပူပန်မှုများ မြင့်တက်စေရန် ရည်ရွယ်ပြီး နိုင်ငံခြားငွေများ ပြတ်လပ်ကာ နိုင်ငံခြားငွေလဲလှယ်နှုန်းများ မြင့်တက်ဖွယ်ရှိကြောင်း၊ စက်သုံးဆီများ ပြတ်လပ်မှုများဖြစ်ပေါ်ပြီး စက်သုံးဆီစျေးနှုန်းများ ပိုမိုမြင့်တက်လာမည် ဖြစ်ကြောင်း ဖော်ပြရေးသားလျက်ရှိပါသည်။

ကုန်စျေးနှုန်းကြီးမားမှုကို ဖြစ်ပေါ်စေသော ပြင်ပအကြောင်းအရာများနှင့်ဆက်စပ်၍ စက်သုံးဆီစျေးနှုန်းများ ကျဆင်းရေးအတွက် နိုင်ငံခြားငွေများ လွယ်ကူစွာရရှိနိုင်ရေး၊ဘဏ်များ၊ စက်သုံးဆီတင်သွင်းသူ လုပ်ငန်းရှင်များနှင့် ညှိနှိုင်းဆွေးနွေးလျက်ရှိပြီး တိုင်းပြည်စီးပွားရေးကို အဓိကထိန်းကျောင်း ပံ့ပိုးပေးနေသော ဆက်စပ်ဝန်ကြီးဌာနများနှင့်အတူ ထိန်းညှိဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သို့ဖြစ်၍ တရားမဝင်သတင်းမီဒီယာများ၏ လှုံ့ဆော်မှုများကို ပြည်သူများအနေဖြင့် စိုးရိမ်ပူပန်ကြောင့်ကြမှုများ မဖြစ်ကြပါရန်နှင့် နိုင်ငံခြားငွေစျေးနှုန်း ဆွဲတင်နေသူများ၊ အွန်လိုင်းမှတရားမဝင်နိုင်ငံခြားငွေများ ရောင်းဝယ်သူများအပေါ် ယုံကြည်ဆောင်ရွက်ခြင်းမပြုကြပါရန်နှင့် နိုင်ငံခြားငွေများ  တရားမဝင်ရောင်းဝယ်နေသည့် အွန်လိုင်းလုပ်ငန်းများကိုလည်း နိုင်ငံခြားသုံးငွေစီမံခန့် ခွဲမှုဥပဒေနှင့် စည်းမျဉ်းများအရ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားကြောင်း သိရသည်။

လက်ရှိကာလတွင် အမေရိကန်နိုင်ငံဗဟိုဘဏ်မှ အတိုးနှုန်းမြှင့်တင်မှုများ ဆက်တိုက်ပြုလုပ်လျက်ရှိပြီး ထပ်မံ၍အတိုးနှုန်း မြှင့်တင်သွားမည်ဟု ကြေညာမှုများကြောင့် အမေရိကန်ဒေါ်လာ အားကောင်းပြီး တန်ဖိုး တက်နေသဖြင့် ၎င်းနှင့်လဲလှယ်သည့်အခြား ငွေကြေးများမှာ တန်ဖိုးကျဆင်းလျက်ရှိပါသည်။

Most Read

Most Recent