‘Doctor Cha’ ဇာတ်လမ်းတွဲမှ သရုပ်ဆောင်များနှင့် ရိုက်ကူးရေးအဖွဲ့သားများ ဗီယက်နမ်သို့ အပန်းဖြေခရီးထွက်မည်

‘Doctor Cha’ ဇာတ်လမ်းတွဲမှ သရုပ်ဆောင်များနှင့် ရိုက်ကူးရေးအဖွဲ့သားများ ဗီယက်နမ်သို့ အပန်းဖြေခရီးထွက်မည်
Photo - KBIZoom
Photo - KBIZoom
Published 2 June 2023

JTBC ရုပ်သံမှထုတ်လွှင့်ခဲ့ပြီး ပရိသတ် ကြည့်ရှုအားပေးမှုနှုန်း မြင့်ခဲ့သည့် ကိုရီးယားဇာတ်လမ်းတွဲ Doctor Cha မှ သရုပ်ဆောင် များ၊ ရိုက်ကူးရေးအဖွဲ့သားများအားလုံး ဇွန်လကုန်တွင် ဗီယက်နမ်သို့ သွားရောက်အပန်းဖြေကြမည်ဖြစ်သည်။

ဇာတ်လမ်းတွဲအောင်မြင်သည့် ဂုဏ်ပြုအထိမ်းအမှတ်အဖြစ် ဗီယက်နမ်ခရီးစဉ် ဖြစ်လာခြင်းဖြစ်သည်။

အနှစ် ၂၀ ကျော် မိသားစုအတွက် အနစ်နာခံလာခဲ့ပြီးနောက် မိမိကိုယ်ပိုင်ဘဝကို စတင်ရန် ဆရာဝန်အလုပ်ကို ပြန်လုပ်ကိုင်ခဲ့သူ အိမ်ရှင်မချာဂျောင်ဆော့ကို ဇာတ်အိမ်တည် ရိုက်ကူးထားသည့် ဇာတ်လမ်းဖြစ်ပြီး ဇွန် ၄ ရက် ဇာတ်သိမ်းခန်းနီးလာလေလေ  ကြည့်ရှုမှုနှုန်းများလေလေ ဖြစ်သည်။

ထို့ကြောင့် ထုတ်လုပ်ရေးကုမ္ပဏီက  ဇာတ်လမ်းတွဲဖြစ်မြောက်အောင် ပါဝင်ပံ့ပိုးခဲ့သူများကို ကျေးဇူးတင်ဂုဏ်ပြုလိုသည့်အတွက် သင့်လျော်သည့်အချိန်နှင့် နေရာကို စီစဉ်ပေးလိုက်ခြင်းဖြစ်သည်။

 Doctor Cha ဇာတ်လမ်းရှေ့ပိုင်းတွင်ပရိသတ်အကြိုက်တွေ့ခဲ့သော်လည်း၊ ဇာတ်လမ်းနောက်ပိုင်းကို သဘောမကျသည့်  ပရိသတ်များလည်း ရှိသည်။ အထူးသဖြင့် အပိုင်း  ၁၄ တွင် ခေါင်းဆောင်မင်းသမီးချာဂျောင်ဆော့ သွေးအန်လာသည်ကို ပရိသတ်က မကြိုက်ပေ။

မိသားစုကိုပေးဆပ်၊ ခင်ပွန်း၏သစ္စာဖောက်မှုကို ခံရပြီးသည့်တိုင် ချာဂျောင်ဆော့ကို ဝေဒနာဆိုးနှင့် ဇာတ်လမ်းဆင်ထားသည့်အတွက် ပရိသတ်က ဝမ်းနည်းနေကြသည်။ ကိုရီးယားဇာတ်လမ်းတွဲအများစုတွင် သွေးအန်လာခြင်းက ဇာတ်သိမ်းခန်းတွင် ထိုဇာတ်ကောင် သေဆုံးသွားတတ်သည်ဆိုသည့် ယူဆချက်မျိုးရှိသည်။