ဧပြီလအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတစ်ခုသာ ခွင့်ပြုနိုင်ခဲ့ပြီး ကုန်ထုတ်လုပ်မှုကဏ္ဍတွင် ဝင်ရောက်ခဲ့ခြင်းဖြစ်

ဧပြီလအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတစ်ခုသာ ခွင့်ပြုနိုင်ခဲ့ပြီး ကုန်ထုတ်လုပ်မှုကဏ္ဍတွင် ဝင်ရောက်ခဲ့ခြင်းဖြစ်
Published 24 May 2023

ဧပြီလအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု တစ်ခုသာ ခွင့်ပြုပေးနိုင်ခဲ့ပြီး ကုန်ထုတ်လုပ်မှုကဏ္ဍတွင် ဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

ကုန်ထုတ်လုပ်မှုကဏ္ဍတွင် ဒေါ်လာ ၃ ဒသမ ၇၃၈ သန်းရှိသည့် နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုတစ်ခုသာ ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။

၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ်အတွင်း ကဏ္ဍအလိုက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဝင် ရောက်မှုအနေဖြင့် လျှပ်စစ်စွမ်းအင်ကဏ္ဍ၌ ဒေါ်လာသန်း ၈၂၀ ကျော်ဖြင့် အများဆုံးဝင် ရောက်မြှုပ်နှံထားကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

လျှပ်စစ်စွမ်းအင်ကဏ္ဍ၌ နှစ်အလိုက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဝင်ရောက်မှုအနေဖြင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၉၃ ဒသမ ၂၈၀ သန်း၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာ နှစ်တွင် ဒေါ်လာ၁၀၂၆ ဒသမ ၈၉၀ သန်း၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း ဒေါ်လာ ၃၁၂၁ ဒသမ ၃၂၃ သန်း၊ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် အောက်တိုဘာမှ မတ်လအထိ ကြားကာလခြောက်လအတွင်း ဒေါ်လာ၂၀ ဒသမ ၅၈၄ သန်း၊ ၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၈၂၀ ဒသမ ၂၇၀ သန်းဝင် ရောက်ခဲ့သည်။

မြန်မာနိုင်ငံ၏ လျှပ်စစ်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံရန် မကြာမီ တင်ဒါခေါ်ယူရန် ပြင်ဆင်နေပြီး တရုတ်လုပ်ငန်းရှင်များ လာရောက်ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

“ကျွန်တော်တို့ဆီမှာ လျှပ်စစ်ဓာတ်အားနဲ့ ပတ်သက်ပြီး မကြာခင်မှာ နိုင်ငံတော်အဆင့်အနေနဲ့ တင်ဒါခေါ်ယူဖို့တွေရှိပါတယ်။ ပြင်ဆင်နေပါတယ်။လျှပ်စစ်လုပ်ငန်းတွေမှာ လာရောက်ရင်းနှီးမြှုပ်နှံဖို့ ဖိတ်ကြားလိုပါတယ်”ဟု ၎င်းကဆိုသည်။

မြန်မာ-တရုတ်(ချုံချင့်-ပိရှန်းဒေသ)အကြား ပူးပေါင်းဆက်ဆံမှု တိုးမြှင့်လာစေရေး၊ အခွင့်အလမ်းများ ရှာဖွေနိုင်ရေး၊ နှစ်ဖက်အပြန်အလှန်အကျိုးရှိစေမည့်စီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင် ရေးအတွက် တရုတ်(ချုံချင့်-ပိရှန်း)- မြန်မာ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုမိတ်ဆက်ပွဲကို ၂၀၂၃ ခုနှစ် မတ် ၂၂ ရက်က ရန်ကုန်မြို့ရှိ Lotte Hotel ၌ ကျင်းပစဉ် အဆိုပါတာဝန်ရှိသူက အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“ချုံချင့်-ပိရှန်းဒေသရဲ့ Persentation မှာ ကြည့်ရင် ချုံချင့်ဒေသမှာ လျှပ်စစ်တွေရော ဂက်စ်တွေရော အကုန်လုံးအစစအရာရာ Infra ပြည့်စုံတဲ့ နေရာဒေသကြီးဖြစ်ပြီးတော့ ဒီမှာရင်းနှီးမြှုပ်နှံမှုတွေလာလုပ်ရင် အခွင့်လမ်းကောင်းတွေရမယ်ဆိုတဲ့ဟာမျိုး တွေ့ရပါတယ်။ တဖက်ကပြန်ကြည့်ရင် ကျွန်တော်တို့ဘက်မှာ ဒါတွေမရှိတာကလည်း ရင်းနှီးမြှုပ်နှံဖို့အခွင့်အလမ်းလို့ပဲ ပြောချင်ပါတယ်”ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအနေဖြင့် လျှပ်စစ်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၃၁၂၁ သန်းကျော်ဖြင့် အများဆုံးဖြစ်ပြီး စက်မှုကဏ္ဍတွင် ဒေါ်လာ ၂၈၆ သန်းကျော်ဖြင့် ဒုတိယအများဆုံးဖြစ်ကာ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးကဏ္ဍတွင် ဒေါ်လာ ၁၃၃ သန်းကျော်ဖြင့်  တတိယအများဆုံးဖြစ်သည်။

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဧပြီမှ မတ်လကုန်အထိ မြန်မာနိုင်ငံအတွင်းသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ သန်း ၁၆၄၀ ကျော်ရှိပြီး စင်ကာပူက ဒေါ်လာ ၁၁၅၈ သန်းကျော်ဖြင့် အများဆုံးဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

Most Read

Most Recent