သဘောထားသေးသိမ်သောကြောင့်သာ အသားအရောင်ကိစ္စကို ပုံကြီးချဲ့နေကြခြင်းဖြစ်သည်ဟု “The Little Mermaid” ဒါရိုက်တာ တုံ့ပြန်

သဘောထားသေးသိမ်သောကြောင့်သာ အသားအရောင်ကိစ္စကို ပုံကြီးချဲ့နေကြခြင်းဖြစ်သည်ဟု “The Little Mermaid” ဒါရိုက်တာ တုံ့ပြန်
Published 23 May 2023

“The Little Mermaid” ရုပ်ရှင်ဇာတ်ကားကြီးတွင် လူမည်းသရုပ်ဆောင်တစ်ဦးကို ခေါင်းဆောင်မင်းသမီး တင်ရိုက်ထားမှုအပေါ် ဝေဖန်နေကြသူများကို  ဇာတ်ကားဖန်တီးသူ  ဒါရိုက်တာရော့ဘ်မာရှယ်က သဘောထား သေးသိမ်သူများဟု ပြန်လည်ပြောဆိုထားသည်။

မေ ၂၀ ရက်က Deadline မီဒီယာနှင့် အင်တာဗျူးတွင် ရော့ဘ်မာရှယ်က “လူဖြူမဟုတ်တဲ့ မင်းသမီးတစ်ဦးကို ရွေးထားတာက ပြဿနာကြီးတစ်ခုရယ်လို့ ကျွန်တော်တော့ မထင်ဘူး။ ခေတ်နောက်ကျလွန်းတဲ့အမြင်လို့ပဲ ထင်တယ်။ သဘောထားသေးသိမ်တဲ့ သူတွေဆီကနေ အဲဒီလိုအသံတွေ ထွက်လာတော့၊ တခြားရာစုနှစ်တစ်ခုကနေ ပြောနေကြတယ်လို့တောင် ထင်မိလိုက်တယ်” ဟု  ပြောသွားသည်။

“The Little Mermaid” ဇာတ်မြူးရုပ်ရှင်သည် ရေသူမလေးအေရီယယ်နှင့် ၎င်းကယ်တင်လိုက်သည့် လူသားကမ္ဘာမှ တော်ဝင်မင်းသားအဲရစ်တို့ အချစ်ဇာတ်လမ်းကို ပုံဖော်ရိုက်ကူးထားသည့် ဇာတ်ကားဖြစ်သည်။ ၂၀၁၉ ခုနှစ်တွင် ဒါရိုက်တာရော့ဘ်မာရှယ်က လူမည်းအဆိုတော်၊ သရုပ်ဆောင်ဟယ်လီဘေလီကို  အေရီယယ်ဇာတ်ကောင်အတွက် ရွေးထားသည်ဟု ကြေညာလိုက်ကတည်းက ဝေဖန်သဘောမကျမှုများ ထွက်လာခဲ့သည်။

ယင်းဝေဖန်မှုများနှင့်ပတ်သက်ပြီး ဒါရိုက်တာက မင်းသမီးနေရာအတွက် သင့်တော်မည့်သူကို နေရာစုံတွင် ရှာခဲ့ကြောင်း၊ လူမည်းမင်းသမီးတစ်ဦးကို ရွေးရန် ကြိုစီစဉ်ထားခြင်းမျိုးလည်း မရှိကြောင်း၊ အကောင်းဆုံးအေရီယယ်ကို ရှာကြမည်ဟုသာ ဆုံးဖြတ်ခဲ့ကြောင်း ပြောသည်။

ဆက်လက်ပြီး၎င်းက နည်းမျိုးစုံစွာဖြင့် သဘောထားကွဲလွဲနေကြသည့် ကမ္ဘာအတွက် ယခုဇာတ်ကားကို ရိုက်ကူးလိုက်ရခြင်းက ဖြေဆေးသဖွယ်ခံစားမှုမျိုး၊ ၎င်းတို့အားလုံးက တစ်စိတ်တည်းဆိုသည့်အသိမျိုး ရစေသည်ဟုလည်း ဆိုသည်။

အဓိကဝေဖန်ခံရသူဖြစ်သည့် မင်းသမီး ဟယ်လီဘေလီကမူ အသားအရောင်ကြောင့် ၎င်းင်းကိုသဘောမကျသူများကို ဂရုစိုက်နေမည်မဟုတ်ဘဲ ၎င်းကို အကောင်းမြင်စိတ်ဖြင့် အားပေးနေသူများကိုသာ အာရုံစိုက်မည်ဟု တုံ့ပြန်ထားသည်။ အဲရစ်အဖြစ် မင်းသားဂျိုနာဟောင်ဝါကင်းက ပါဝင်ပြီး ဟယ်ရီစတိုင်က ယင်းဇာတ်ကောင်ကို ငြင်းခဲ့သည်။

Most Read

Most Recent