နာမည်ကျော် အဆိုတော်များဖြစ်ကြသည့် အက်ဒ်ရှီးယန်၊ အဒဲလ်နှင့် ဟယ်ရီစတိုင်စ်တို့သည် ဗြိတိန်၏ အသက် ၃၅ နှစ် အောက် အချမ်းသာဆုံးပုဂ္ဂိုလ်များတွင် ပါဝင်နေသည်ဟု The Sunday Times Rich List တွင် ဖော်ပြထားသည်။
ယင်းအဆိုတော်များသည် ဗြိတိန်နှင့် အမေရိကန်တွင် အောင်မြင်မှုများရရှိခဲ့ပြီးနောက် ပျမ်းမျှ ပေါင်သန်း ၁၅၀ ကျော်ထက် ပို၍ချမ်းသာကြသည်ဟု ဆိုသည်။
သို့သော် ၎င်းတို့သည် ပေါင်သန်း ၃၅၀ သို့မဟုတ် ယင်းထက်ပို၍ ချမ်းသာကြွယ်ဝရမည့် အဓိက Rich List စာရင်းတွင် ပါဝင်နိုင် ခြင်းမရှိသေးပေ။
ဗြိတိန်ဝန်ကြီးချုပ် ရီရှီဆူနတ်နှင့် ၎င်း၏ ဇနီးသည် အက်ရှာတာမာသီတို့သည် ၎င်းတို့၏ ချမ်းသာကြွယ်ဝမှု ကျဆင်းနေသော်လည်း အဓိက Rich List စာရင်းတွင်မူ ပါဝင်လျက်ရှိသည်။
အသက် ၃၅ နှစ်အောက် ချမ်းသာကြွယ်ဝသူများစာရင်း၌ အသက် ၃၂ နှစ်အရွယ် အက်ဒ်သည် ပိုင်ဆိုင်မှု ပေါင်သန်း ၃၀၀ ဖြင့် အဆင့်ခုနစ်တွင် ရပ်တည်လျက်ရှိသည်။
လက်ရှိတွင် အသက် ၃၅ နှစ်အရွယ်ရှိ ပြီဖြစ်သည့် အဒဲလ်က ပိုင်ဆိုင်မှု ပေါင် ၁၆၄ သန်းဖြင့် အဆင့်ကိုးနေရာတွင် ရပ်တည်နေသည်။
လန်ဒန်ဖွား အဆိုတော် အဒဲလ်သည် အယ်လ်ဘမ်အချပ်ရေ သန်း ၁၀၀ ကျော် ရောင်းချနိုင်ခဲ့ပြီး ယခုနှစ်အစောပိုင်းက သူသည် လက်စ်ဗေးဂတ်စ်နေထိုင်ခွင့်ကို သက်တမ်းတိုးလိုက်ကြောင်း ကြေညာခဲ့သည့်အတွက် ၎င်း၏ဖျော်ဖြေပွဲတစ်ပွဲအတွက် ပေါင် ငါးသိန်း ပေးရသည်ဟုဆိုသည်။
ဟယ်ရီစတိုင်စ်ကလည်း လွန်ခဲ့သည့်နှစ် က “Harry’s House” အယ်လ်ဘမ်အား ဗြိတိန်တွင် အကြီးမားဆုံးရောင်းချနိုင်ခဲ့ပြီး လက်ရှိတွင်လည်း ဗြိတိန်တွင် နယ်လှည့်ဖျော်ဖြေပွဲ ပြုလုပ်လျက်ရှိသည်။ အသက် ၂၉ နှစ်အရွယ် ဟယ်ရီ၏ ချမ်းသာကြွယ်ဝမှုသည် ပေါင်သန်း ၁၅၀ ဖြစ်သည်။
အဓိက Rich List ၏ ထိပ်ဆုံးတွင်ရှိနေသူမှာ ကမ္ဘာတစ်ဝန်းတွင် စီးပွားရေးလုပ်ငန်း စုပေါင်းများစွာ ပိုင်ဆိုင်ထားသည့် ဂိုပီဟင်ဒူဂျာနှင့် မိသားစုဖြစ်ပြီး ၎င်းတို့၏ပိုင်ဆိုင်မှုသည် ပေါင် ၃၅ ဘီလျံရှိသည်။
ဆာဂျင်ရက်ကလစ်ဖ်သည် နှစ်နှစ်ကြာ အဆင့်များကျဆင်းခဲ့ပြီးနောက် ဗြိတိန်၏အချမ်းသာဆုံးပုဂ္ဂိုလ်စာရင်း၏ ထိပ်ဆုံး ၁၀ ဦး တွင် ပြန်လည်ပါဝင်လာခဲ့သည်။ ၎င်း၏ပိုင်ဆိုင်မှုသည် ပေါင် ၂၉ ဒသမ ၆ ဘီလျံဖြစ်သည်။