အမျိုးသမီးများဦးဆောင်သော MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်ရန် MYANWEN နှင့် ဧရာဝတီဘဏ်တို့ MoU လက်မှတ်ရေးထိုး

အမျိုးသမီးများဦးဆောင်သော MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်ရန် MYANWEN နှင့် ဧရာဝတီဘဏ်တို့ MoU လက်မှတ်ရေးထိုး
MYANWEN နှင့် ဧရာဝတီဘဏ်တို့ MoU လက်မှတ်ရေးထိုးစဉ် (ဓာတ်ပုံ-ကုန်သည်စက်မှုအသင်းချုပ်)
MYANWEN နှင့် ဧရာဝတီဘဏ်တို့ MoU လက်မှတ်ရေးထိုးစဉ် (ဓာတ်ပုံ-ကုန်သည်စက်မှုအသင်းချုပ်)
Published 20 May 2023

အမျိုးသမီးများဦးဆောင်သော MSME အသေးစား၊ အငယ်စား၊ အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်ရန် မြန်မာစီးပွားရေးလုပ်ငန်းရှင် အမျိုးသမီး များကွန်ရက် (MYANWEN)နှင့် ဧရာဝတီဘဏ်တို့ မေ ၁၉ ရက်က  နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးခဲ့ကြောင်း ကုန်သည်စက်မှုအသင်းချုပ်မှ သိရသည်။

အဆိုပါနားလည်မှုစာချွန်လွှာတွင် ကောင်းမွန်သော ရည်ရွယ်ချက်များဖြစ်သည့်  MSMEလုပ်ငန်းရှင်များ၏ ပြည်တွင်းထုတ်ကုန်များကို MYANWENမှ ပြုလုပ်သော Made in Myanmar Fair များမှတစ်ဆင့် စျေးကွက်အတွင်းသို့ ဝင်ရောက်နိုင်စေရန်၊ MSMEလုပ်ငန်းများကို ပြည်တွင်းစျေးကွက်တွင် သာမက ပြည်ပစျေးကွက်အထိချဲ့ထွင်နိုင်ရန်အတွက် စျေးကွက်ရှာဖွေသောအရောင်းပြပွဲများ၊ ကုန်သွယ်မှုပြပွဲများတွင် ပါဝင်ပြသနိုင်ရန်၊ MSMEလုပ်ငန်းရှင်များအတွက် အသိပညာနှင့် ကျွမ်းကျင်မှုများ တိုးတက်လာစေရန် ပြုလုပ်သောနှီးနှောဖလှယ်ပွဲများ၊ ဆွေးနွေးပွဲများကဲ့သို့သော စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ လှုပ်ရှားမှုများ၊ စီးပွားရေးနှင့် ပတ်သက်သော ပညာရေးဆိုင်ရာကဏ္ဍများတွင် အတူလက်တွဲ ဆောင်ရွက်ရန်၊ အသေးစား၊ အငယ်စား၊ အလတ်စားလုပ်ငန်းရှင်များ၏ လုပ်ငန်းဘဏ္ဍာရေးလည်ပတ်ငွေများ (AYA Micro Loan)လိုအပ်ပါက AYA Bank နှင့် MYANWEN အသင်းတို့ မှ ပူးပေါင်းဆောင်ရွက်ပေးသွားရန်တို့ ပါဝင်ကြောင်း သိရသည်။

အဆိုပါ MoUကို မြန်မာစီးပွားရေးလုပ်ငန်းရှင်အမျိုးသမီးများကွန်ရက်- Myanmar Women Enterperneurs (MYANWEN) ၏ဒုတိယဥက္ကဋ္ဌ ဒေါက်တာ စုလှဟန်နှင့် ဧရာဝတီဘဏ်အများနှင့် သက်ဆိုင်သောကုမ္ပဏီလီမိတက် (Ayawaddy Bank) ၏ Managing Director ဒေါ်သဇင်အောင်တို့မှ လက်မှတ်ရေးထိုးခဲ့ကြသည်။

အဆိုပါ MoUလက်မှတ်ရေးထိုးပွဲသို့ ကုန်သည်စက်မှုအသင်းချုပ်မှ ဒုတိယဥက္ကဋ္ဌများဖြစ်ကြသော ဒေါက်တာမျိုးသက်၊ ဒေါက်တာဝင်းစည်သူ၊ ဦးဆန်းလင်း၊ အထွေထွေအတွင်းရေးမှူးချုပ် ဒေါ်ခိုင်ခိုင်နွယ်၊ တွဲဖက် အထွေထွေအတွင်းရေးမှူးများဖြစ်သော ဦးမျိုးသန့်၊ ဦးအောင်ဇေယျာလွင်၊ ဦးဇော်မင်းသန့်နှင့်  တာဝန်ရှိသူများ ၊ မြန်မာစီးပွားရေးလုပ်ငန်းရှင်အမျိုးသမီးများကွန်ရက် (MYANWEN) ဒုတိယဥက္ကဋ္ဌ ဒေါက်တာ စုလှဟန်၊ အတွင်းရေးမှူးဒေါ်သူဇာဝင်းနှင့် ဧရာဝတီဘဏ်မှ Manading Director ဒေါ်သဇင်အောင်နှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြောင်း ကုန်သည်စက်မှုအသင်းချုပ်မှ သိရသည်။

မိုခါမုန်တိုင်းသက်ရောက်မှုကြောင့် လုပ်ငန်းဆက်လက်လည်ပတ်ရန် ခက်ခဲနေသည့် SME လုပ်ငန်းရှင်များ ချေးငွေလျှောက်ထားနိုင်ကြောင်း AYA ဘဏ်က မတ် ၁၈ ရက်တွင် ကြေညာခဲ့သည်။

 မိုခါမုန်တိုင်းသက်ရောက်မှုကြောင့် လုပ်ငန်းဆက်လက်လည်ပတ်ရန် အခက်အခဲကြုံနေသော အသေးစား၊ အငယ်စားနှင့် အလတ်စားလုပ်ငန်းရှင်များအတွက် လုပ်ငန်း ပြန်လည်လည်ပတ်နိုင်ရန်အတွက် AYA Micro Loan (Emergency ချေးငွေ) လျှောက်ထားနိုင်ပြီဖြစ်သည်။ AYA Micro Loan (Emergency ချေးငွေ) အကြောင်း အသေးစိတ်မေးမြန်းလိုပါက ၀၁-၂၃၁၇၇၇၇ ကို ဆက်သွယ်နိုင်ကြောင်း သိရသည်။

Most Read

Most Recent