တောင်ကိုရီးယားနာမည်ကျော်မင်းသမီး ဆုန်းဂျီဟိုက ၎င်း၏ယခင်အေဂျင်စီဟောင်းမှ လုပ်ခလစာမရရှိသည့် ဝန်ထမ်းများကို ငွေကြေးဆိုင်ရာ ထောက်ပံ့မှုများပေးခဲ့သည်ဟု သိရသည်။
မေ ၁၇ ရက်က Dispatch သည် ယင်းဝန်ထမ်းများ ရင်ဆိုင်နေရသည့် အခက်အခဲများအပေါ် သီးသန့်ထုတ်ပြန်ခဲ့သည်။
Uzurocks မှ အသက် ၂၀ ဝန်းကျင်နှင့် အသက် ၃၀ ဝန်းကျင်အရွယ်ရှိ ဝန်ထမ်းခြောက်ဦးအကြောင်း သတင်းထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ၎င်းတို့မှအများစုသည် ဝန်ထမ်းအသစ်များဖြစ်ကြသည်။
၎င်းတို့၏ ပျမ်းမျှနှစ်စဉ်လစာသည် ဝမ် ၂၇ သန်း (ဒေါ်လာ ၂၀,၂၀၈) ဖြစ်သည်ဟုဆိုသည်။ ဖေဖော်ဝါရီလက ၎င်းတို့သည်လုပ်ငန်းခွင်တွင် အမျိုးသားပင်စင်အလှူငွေများ ပေးဆောင်ရန် ပျက်ကွက်မှုအတွက် သတိပေးစာရရှိခဲ့သည်ဟုဆိုသည်။ ထို့ပြင် ၎င်းတို့၏လုပ်ခလစာသည် လပေါင်းများစွာကြာ နှောင့်နှေးခဲ့သည်။
Uzurocks တွင် မန်နေဂျာက ၎င်းတို့၏ တစ်ကိုယ်ရည်သုံးကဒ်ကို ကုန်ကျစရိတ်များအတွက် ကနဦးအသုံးထားပြုပြီး နောက်ပိုင်းတွင် ကုမ္ပဏီမှ ငွေတောင်းခံသည့် သမားရိုးကျ မဟုတ်သော စီမံခန့်ခွဲမှုစနစ်တစ်ခုရှိသည်။ သို့သော် မန်နေဂျာများကို စိုက်ထုတ်ကုန်ကျမှုအတွက် ငွေပြန်ထုတ်ပေးခြင်းမရှိပေ။
A အမည်ရှိ ဝန်ထမ်းတစ်ဦးက နေထိုင်မှုကုန်ကျစရိတ်များအတွက် ၎င်းတို့၏ဘဏ်အကောင့်မှ ငွေများလျော့နည်းလာစဉ် မိဘများကိုလည်း ငွေကြေးဆိုင်ရာထောက်ပံ့မှုများ ပေးနေရသည်ဟုဆိုသည်။ အခြားဝန်ထမ်းများကလည်း အကြွေးဝယ်ကဒ်အတွက် ငွေပေးဆပ်နိုင်ခြင်းမရှိတော့သည့်အပြင် ၎င်းတို့၏ကဒ်များ အပိတ်ခံခဲ့ရသည်ဟုဆိုသည်။
ဆုန်းဂျီဟိုက ယင်းအခြေအနေကို သိရှိခဲ့ပြီးနောက် ၎င်း၏ဘဏ်ကဒ်ကို မန်နေဂျာများအား လွှဲပေးခဲ့ပြီး ယင်းဝန်ထမ်းများအတွက် ဆေးဘက်ဆိုင်ရာ ကုန်ကျစရိတ်များ ပေးချေစေခဲ့သည့်အပြင် ယင်းပြဿနာရပ်ကို ဆွေးနွေးရန် နောက်ကျသည့်အချိန်အထိ နေပေးခဲ့သည်ဟု သိရသည်။
A အမည်ရှိ ဝန်ထမ်းတစ်ဦးက ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပြီး ဆုန်းဂျီဟို၏ ကူညီမှုသည် ၎င်းတို့၏ဝန်ထုတ်ဝန်ပိုးကို များစွာသက်သာစေခဲ့သည်ဟုဆိုသည်။ ဆုန်းဂျီဟို၏ တိုက်ရိုက်ပါဝင်ဖြေရှင်းပေးမှုကြောင့် ရက်လွန်လစာပြဿနာရပ်များ ဖြေရှင်းနိုင်ခဲ့သော်လည်း ဧပြီလနှင့် မတ်လအတွက် ကျန်ရှိသည့် လစာပြဿနာများကို မဖြေရှင်းနိုင်သေးပေ။