စင်ကာပူတွင်ပြုလုပ်သည့် BLACKPINK ဖျော်ဖြေပွဲ နေရာထိုင်ခင်းအစီအမံ ညံ့ဖျင်းလွန်းသည့်အတွက် ဝေဖန်ခံရ

စင်ကာပူတွင်ပြုလုပ်သည့် BLACKPINK ဖျော်ဖြေပွဲ နေရာထိုင်ခင်းအစီအမံ ညံ့ဖျင်းလွန်းသည့်အတွက် ဝေဖန်ခံရ
Photo - KBIZoom
Photo - KBIZoom
Published 16 May 2023

မေ ၁၃ ရက်က စင်ကာပူတွင်ကျင်းပသွား သည့် BLACKPINK ရှိုးပွဲကို သွားကြည့်ခဲ့သူများထံမှ စိတ်ပျက်ပေါက်ကွဲသည့်မှတ်ချက်များ ဆိုရှယ်မီဒီယာတွင် ပလူပျံနေခဲ့သည်။ အချို့ကမူ ယင်းရှိုးပွဲကို ကြည့်ခဲ့သမျှထဲ အဆိုးဆုံးပွဲဟုပင် ဝေဖန်ထားကြသည်။

စင်ကာပူအွန်လိုင်းမီဒီယာ Asia One က ဖော်ပြချက်အရ ဝေဖန်သည့်မှတ်ချက်အများစုသည် လက်မှတ်စျေးကြီးပေးဝယ်ရပြီး နေရာထိုင်ခင်း စီမံထားမှု အစီအစဉ်မကျသည်ကို ပြောထားကြခြင်းဖြစ်သည်။

စင်ကာပူအမျိုးသားအားကစားရုံ၌ ပြုလုပ်သည့် ယင်းပွဲတွင် VIP အုပ်စုက လက်မှတ်တစ်စောင်လျှင် စင်ကာပူဒေါ်လာ ၃၉၈ ၊ A အုပ်စုက ၃၂၈ ဒေါ်လာ ၊ B အုပ်စုက ၂၄၈ ဒေါ်လာအထိ ပေးဝယ်ကြရသည်။

TikTok တွင် ပရိသတ်တစ်ဦးက ၎င်းတွေ့ကြုံခဲ့ရသည်ကို ပြန်မျှဝေထားပြီး B အုပ် စုနေရာမှ ကြည့်ခဲ့ရသူအဖို့ ရှေ့လူများ၏ဖုန်းကင်မရာများကိုသာ မြင်ရပြီး BLACKPINK ကိုလုံးဝမတွေ့ခဲ့ရဟု ဆိုသည်။အချို့ကလည်း   အခြားသူများ၏ဖုန်းများကို ကြည့်ရရေး ဒေါ်လာ ၃၀၀ ရင်းလိုက်ရသည်ဟု မကျေမနပ် ပြောထားကြသည်။

အီထယ်ဝန်ဖြစ်ရပ်အတိုင်း ကြုံလိုက်ရသည်ဟု မှတ်ချက်ပေးသူလည်းရှိသည်။ ၂၀၂၂ ခုနှစ် ၊အောက်တိုဘာ ၂၉ ရက်ည(ဟောလိုးဝင်း ည)က လူ ၁၀၀ ကျော်သေဆုံးခဲ့သည့် ဆိုးလ်၊ အီထယ်ဝန်ရပ်ကွက်အတွင်း လူတိုးဝှေ့မှုကို ဆိုလိုခြင်းဖြစ်သည်။

ပရိသတ်အချင်းချင်း မစာမနာ တစ်ဦးနှင့်တစ်ဦး တွန်းထိုးနေခဲ့ကြပြီး VIP ဧရိယာ ဖြစ်သော်လည်း အခြားဧရိယာနှင့် သီးသန့်ခွဲထားခြင်းမရှိသည့်အတွက် VIP လက်မှတ်ဝယ်သူများ အဆင်မပြေခဲ့ကြပေ။ အထူးသဖြင့် ပွဲစီစဉ်သူများကို ဝေဖန်နေကြသည်။

Most Read

Most Recent