ယခုနှစ်အတွက် Eurovision ဥရောပသီချင်းဆိုပြိုင်ပွဲတွင် ဆွီဒင်နိုင်ငံက ဗိုလ်စွဲသွားပြီ်း ဖင်လန်က ဒုတိယ၊ အစ္စရေးက တတိယရခဲ့

ယခုနှစ်အတွက် Eurovision ဥရောပသီချင်းဆိုပြိုင်ပွဲတွင် ဆွီဒင်နိုင်ငံက ဗိုလ်စွဲသွားပြီ်း ဖင်လန်က ဒုတိယ၊ အစ္စရေးက တတိယရခဲ့
Published 15 May 2023

မေ ၁၃ ရက်က ဗြိတိန်နိုင်ငံ၊ လစ်ဗာဗူးမြို့၌ ကျင်းပသည့် ၂၀၂၃ ဥရောပသီချင်းဆိုပြိုင်ပွဲ (Eurovision 2023) ဖိုင်နယ်ပွဲတွင် ဆွီဒင်ကိုယ်စားပြုဝင်ပြိုင်သည့် လော်ရင်းက Tattoo အမည်ရှိ ပေါ့သီချင်းဖြင့် ပထမဆုရသွားသည်။

လော်ရင်းသည် ၂၀၁၂ ပြိုင်ပွဲ၌လည်း  ဗိုလ်စွဲထားသူဖြစ်ပြီး Eurovision ပြိုင်ပွဲကို နှစ်ကြိမ်ဗိုလ်စွဲထားသည့် ဒုတိယမြောက်အဆိုတော်၊ ပထမဆုံးအမျိုးသမီးဖြစ်လာသည်။ ဒုတိယဆုကိုမူ ဖင်လန်နိုင်ငံကရပြီး အစ္စရေးနိုင်ငံက တတိယဆု ရခဲ့သည်။

ဖင်လန်ကိုယ်စားပြု ဝင်ပြိုင်သည့် ရက်ပ်အဆိုတော် ကာရီဂျာက ပရိသတ်အကြိုက်ဆုံး  ပြိုင်ပွဲဝင်ဖြစ်ခဲ့သော်လည်း အကဲဖြတ်အဖွဲ့၏ အကြိုက်ဆုံးမဖြစ်ခဲ့သည့်အတွက် Winner ဆုနှင့် လွဲခဲ့ရသည်။

၂၀၂၂ ပြိုင်ပွဲတွင် ယူကရိန်းနိုင်ငံက ဗိုလ်စွဲခဲ့ပြီး ပြိုင်ပွဲအစဉ်အလာအရ ယခုနှစ်ပွဲကို ယူကရိန်းက အိမ်ရှင်အဖြစ် လက်ခံကျင်းပရမည်ဖြစ်သော်လည်း စစ်မက်ဖြစ်ပွားနေမှုကြောင့် မနှစ်က ဒုတိယဆုရှင် ဗြိတိန်နိုင်ငံက ကိုယ်စားကျင်းပလိုက်ခြင်းဖြစ်သည်။ သို့သော်ယခုနှစ်ယှဉ်ပြိုင်မှုတွင် ဗြိတိန်အဆိုတော်က အဆင့် ၂၅ တွင်သာ ရှိခဲ့သည်။

ပွဲအစတွင် မနှစ်က Winner ဆုရှင် ယူကရိန်းအဆိုတော်အဖွဲ့ Kalush Qrchestra က ကိဗ်မြို့တွင် ကြိုရိုက်ကူးထားသည့် သီချင်းကို ဖွင့်ပြခဲ့ပြီး Changes ဆိုသည့် သီချင်းသစ်ကိုပွဲ၌ ဖျော်ဖြေခဲ့သည်။

ယခုနှစ်ယူကရိန်းကိုယ်စားပြု ဝင်ပြိုင်သည့်အဖွဲ့က မာရီယူပိုးမြို့အသိမ်းခံရမှုအကြောင်း ရေးစပ်ထားသည့် သီချင်းဖြင့် ဝင်ပြိုင်ကာ ဆဌမဆုရခဲ့သည်။ ၎င်းအဖွဲ့ ယှဉ်ပြိုင်မှုမစမီ ၎င်းတို့၏ဇာတိမြို့ဖြစ်သည့် တာနိုပီက  ရုရှားဒုံးကျည်များဖြင့် တိုက်ခိုက်ခံထားရသည်ဟု အာဏာပိုင်များက ပြောသည်။

ယူကရိန်းကို ကျူးကျော်ထားမှုကြောင့် ၂၀၂၃ ပြိုင်ပွဲတွင် ရုရှားနိုင်ငံက ပါဝင်ယှဉ်ပြိုင်ခွင့် မရပေ။ သို့သော် ယူကရိန်းသမ္မတဇယ်လန်းစကီး၏ မိန့်ခွန်းပြောခွင့် ပန်ကြားချက်ကိုလည်း ပြိုင်ပွဲစီစဉ်သည့် ဥရောပရုပ်သံသမဂ္ဂက ငြင်းဆန်ခဲ့သည်။ Eurovision ပြိုင်ပွဲတွင် နိုင်ငံရေးအဟောအပြောများကို တားမြစ်ထားသည်။

၂၀၂၂ ခုနှစ်ပြိုင်ပွဲကို အီတလီနိုင်ငံ၊ တူရင်မြို့၌ ကျင်းပထားပြီး ၂၀၂၄ ပြိုင်ပွဲကို ဆွီဒင်က ကျင်းပမည်ဖြစ်သည်။

Most Read

Most Recent