စားသောက်ကုန်၊ လူသုံးကုန်စျေးနှုန်းများနှင့် ရောင်းချသူတို့၏သောက

စားသောက်ကုန်၊ လူသုံးကုန်စျေးနှုန်းများနှင့် ရောင်းချသူတို့၏သောက
ရန်ကုန်မြို့ရှိ စျေးတစ်စျေးမှ စျေးသည်စျေးဝယ်တို့ မြင်ကွင်း
ရန်ကုန်မြို့ရှိ စျေးတစ်စျေးမှ စျေးသည်စျေးဝယ်တို့ မြင်ကွင်း
Published 14 May 2023

သူ့သောကနှင့်သူ

စျေးနှုန်းများ တရိပ်ရိပ်မြင့်တက်နေသည်။ စားသုံးသူတို့အားလုံးတွင် သောကအသီးသီးရှိနေ၏။ ထို အခြေအနေများထဲတွင် ဝင်ငွေနည်းလူတန်းစား၊ ပုံသေဝင်ငွေရ လူတန်းစားတို့၏ သောကသည် ပို၍ကြီးသည်။ တဖြည်းဖြည်းချင်း ဆိုးသည်။ အဘယ်ကြောင့်ဆိုသော် တစ်ရက်ထက်တစ်ရက် ပို၍ပို၍ မြင့်တက်လာသော ကုန်စျေးနှုန်းကြောင့်ပင်။ အထူးသဖြင့်  နေ့စဉ်သုံးစွဲနေရသည့် စားသောက်ကုန်များ၊ မဖြစ်မနေ အမြဲသုံး နေရသည့် လူသုံးကုန်ပစ္စည်းစျေးနှုန်းများ ဆက်တိုက်မြင့်တက်လာနေ သောကြောင့်ဖြစ်သည်။ ဝယ်ယူစား သုံးသူတို့၏ အပူသောကကိုတွေးရင်း ရောင်းချသူတို့၏ အခြေအနေကိုလည်း စိတ်ဝင်စားလာမိသည်။

 

သူတို့တွေရော ဘယ်လိုခံစားနေကြသလဲ

စျေးနှုန်းများမြင့်တက်ကြောင့် ဝယ်သူတို့ အခက်အခဲများဖြစ်လာသည်မှာ သေချာသည်။ ရောင်းသူတို့ ဘက်ကိုမူ သတိမပြုမိခဲ့။ ရောင်းသူတို့အတွက် အလုပ်ဖြစ်နိုင်သည်။ အကျိုးအမြတ်ဖြစ်မည်ဟု ယူဆကြ၏။ တကယ်လက်တွေ့ရော ဟုတ်ပါသလား။ အခုအချိန်တွင် အများထင်ထားသည့်အခြေအနေမျိုး အပြည့်အဝမဖြစ်ကြတော့။ ရောင်းသူတို့တွင်လည်း သူတို့သောကနှင့် သူတို့ရှိနေကြလိမ့်မည်။

 

ကုန်စျေးနှုန်းအကြောင်း တစ်စွန်းတစ်စ စပ်စုခြင်း

အိမ်အနီးရပ်ကွက်စျေးထဲရှိ မီးဖိုချောင်သုံးကုန်ခြောက်ပစ္စည်းနှင့် လူသုံးကုန်ပစ္စည်းအချို့ ရောင်းချနေသည့် ဆိုင်တစ်ဆိုင်သို့ ပစ္စည်းတစ်ခုသွားရောက် ဝယ်ယူရင်း ဆိုင်ရှင်အမျိုးသမီးနှင့် ကုန်ပစ္စည်းများ၊ စျေးနှုန်းများအကြောင်း၊ စျေးနှုန်းမြင့်တက်မှုအခြေအနေများအကြောင်း စကားစမြည် ပြောဖြစ်ခဲ့၏။

စျေးရောင်းတာ အရင်နဲ့ အခုဘယ်လိုကွာခြားလဲ

စာရေးသူ၏ ကနဦး တစ်ခွန်းတည်းသောမေးခွန်းသည် သူ၏ကုန်စျေးနှုန်း ခံစားချက် ဇာတ်လမ်းတစ်ပုဒ်ကို လှစ်ဟပြနိုင်ရန် နှိုးဆွသကဲ့သို့ဖြစ်သွား၏။ “ကွာတာပေါ့။ အရင်က စျေးတက်တာနဲ့ အခုစျေး တက်တာ မတူဘူး။ စျေးရောင်းတဲ့ အလုပ်ကို ရေရှည်လုပ်လို့ဖြစ်ပါ့ မလားလို့စိုးရိမ်လာရတဲ့အထိ ဖြစ်လာတယ်ဆိုရင် ကျွန်မပြောတာလွန် တယ်လို့ ရှင်ထင်မှာ။ အခု ကျွန်မဆိုင်က ပစ္စည်းတွေကိုကြည့်။ စျေး မတက်တဲ့ပစ္စည်းကိုမရှိတာ၊ အကုန်စျေးတက်တယ်။ ဖြည်းဖြည်းချင်း တက်လိုက်၊ မြန်မြန်တက်လိုက် ဖြစ် နေတာပဲ။ ကျွန်မစိတ်နဲ့ဆို စျေးကိုမတက်ချင်ဘူး။ အားလုံးခက်ခဲနေ တာတွေလည်း သိနေတာပဲလေ။ ဒါပေမဲ့ အကုန်လုံး စျေးကတက်နေတော့ ကိုယ်ပါ လိုက်တက်နေရတယ်။ ကိုယ့်ဆီမှာ ဝယ်နေကျဖောက်သည် တွေဆို အားတောင်နာတယ်။ တချို့ပစ္စည်းတွေဆို အရောင်းအဝယ်ဖြစ် အောင်တာတင်ထားတာ၊ အမြတ်မရှိတော့ဘူး။ ကုန်ပစ္စည်းတစ်မျိုး စက်ရုံကနေထုတ်တဲ့နေရာကနေ ကျွန်မဆိုင်ကိုရောက်ဖို့ဆိုတာ တိုက် ရိုက်တန်းရောက်လာတော့ မဟုတ်ဘူး။ သယ်ယူစရိတ်၊ အလုပ်သမားခ အမျိုးမျိုးကုန်ပြီးရောက်လာကြတာ။ ဒါကြောင့်ပြောတာ။ တချို့ကုန်တွေဆို ကုန်ပစ္စည်းအရင်းနဲ့ အလုပ်သမားစရိတ်နဲ့ကာမိရုံပဲ။ဘယ်မှာလဲ ဆိုင်ခန်းခ၊ ရေဖိုး၊ မီးဖိုး။ ကိုယ့်အတွက် အမြတ်ကျန်ဖို့ဆိုတာ တော်တော်ကိုစဉ်းစားယူရတယ်။ ရောင်းတော့ ရောင်းနေတာပဲ။ ဒါပေမဲ့ အရင်ကလောက် အရောင်းအဝယ်မသွက်ဘူး။ မကောင်းဘူး။ ကိုယ့်ဖောက်သည်နဲ့ ကိုယ်မို့ရယ်။ ကျွန်မဆိုင်ပစ္စည်းတွေက မသုံးမဖြစ်သုံးရတဲ့ပစ္စည်းမို့လို့ အရောင်းက သိသိသာသာ မကျပေမဲ့ အမြတ်ကတော့ အရင်လိုမကျန်တော့ဘူး။ ရေရှည်ဘယ်လိုလုပ်ကြမလဲ။ ကျွန်မလည်း စျေးပဲရောင်းတတ်တာ။ ဘာမှမလုပ်တတ်တော့ ရေရှည်မှာ ဒီဆိုင်လေး ပြုတ်သွားမှာလို့တောင် ကြိုပြီး တွေးပူလာမိတယ်” နောက်ထပ်မေးဖို့ပင် အားနာလာသည်။ သူ့စကားအဆုံး နောက်ထပ်မေးခွန်းတစ်ခွန်းကို မနည်းအား ယူပြီးမှမေးရသည်။

 

စျေးတက်ခြင်းနှင့် ကုန်ပစ္စည်းအမျိုးအစား

သူရောင်းချသည့်ပစ္စည်းများကို ကြည့်သောအခါ ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန်၊ အာလူး၊ ချင်း (ဂျင်း)၊ ပဲအမျိုးမျိုး၊ ငံပြာရည်၊ အချို့မှုန့်၊ မဆလာ၊ ကြာဆံ စသည်ဖြင့် မီးဖိုချောင် သုံးသီးနှံများနှင့် အခြားကုန်ခြောက်များ၊ တီးမစ်၊ ကော်ဖီမစ်၊ သွားတိုက်ဆေး၊ သွားပွတ်တံ၊ ဖယောင်းတိုင်၊ အမွှေးတိုင်၊ ဆပ်ပြာကဲ့သို့ လူ သုံးကုန်ပစ္စည်းများကိုတွေ့ရသည်။  ကုန်စျေးနှုန်း မြင့်တက်မှုနှင့် ပတ်သက်၍ သူ၏အမြင်ကိုပြောပြသည် မှာ စိတ်ဝင်စားစရာကောင်းနေသည်။

“စျေးတွေက အကုန်တက်နေတယ်ဆိုပေမဲ့ ကိုယ့်ပြည်တွင်းက စိုက်ပျိုးရေးထွက်ကုန်၊ ရာသီထွက် ဟင်းသီးဟင်းရွက်သီးနှံတွေ၊ အာလူး၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီတို့လို ကျတော့  ဆက်တိုက်စျေးနှုန်းမြင့် တာမျိုးမဟုတ်ဘူး။ သီးနှံပေါ်ချိန်ဆိုရင် စျေးနှုန်းအပြောင်းအလဲဖြစ်တယ်။ တစ်ခါတလေ စျေးတွေကျတယ်။ နယ်စပ်ကနေ တစ်ဖက်နိုင်ငံ ကိုအထွက်များရင် စျေးတက်ပြီပဲ။ တစ်ဖက်နိုင်ငံကို အိတ်စပို့မဖြစ်တော့ဘူးဆိုရင် ဒီဘက်မှာ စျေးတွေထိုးကျရော။ စက်ရုံထုတ်လူသုံးကုန် ပစ္စည်းတွေကတော့ အကျမရှိ၊ ပုံမှန် မြင့်တက်လာနေကြောင်း ပြောပြသည်။ ကျွန်မက ကော်ဖီမစ် အရမ်းကြိုက်တာ”ဟု ပြောရင်း ... “ကော်ဖီမစ်တွေဆိုလည်း စျေးမြင့်တက်လာတာပဲလေ။ သူတို့ စျေးတက်ပုံကတစ်မျိုး။ ကျွန်မ သတိ ထားမိသလောက်  ပရီမီယာကော်ဖီမစ်က အခြား ကော်ဖီမစ်အမျိုးအစားတွေထက် အရင်ဦးဆုံးစျေးတက်လေ့ ရှိတယ်။ ပြောရရင် ကော်ဖီမစ်စျေးကို ပရီမီယာက ဦးဆောင်တက်တယ်လို့တောင် ပြောရမယ်ထင်တယ်”ဟု ကောက်ချက်ချသည်။

 

တက်ပြီးရင်းတက် မြင့်ပြီးရင်းမြင့်၊ ကြောက်ခမန်းလိလိ စျေးနှုန်းများ

“အခြေခံစားကုန်တွေ ဆန်၊ ဆီ၊ ဆားပဲကြည့်။ အကုန်လုံးတက်နေတာ။ ကြောက်ဖို့တောင်ကောင်းတယ်။ ဆန်ဆိုရင် အားလုံးအသိပဲလေ။ မဂျမ်းတောတို့၊ မနောသုခတို့၊ ဆန်ကြမ်းအမျိုးအစားတွေဆို အရင်က  ၁၆၀၀-၂၀၀၀ ပေါ့။ အခုတော့ ၃၀၀၀ နားမှာကပ်နေပြီ။ ပဲဆိုလည်း ဆက်တိုက်တက်၊ ဆီဆိုလည်း ပဲဆီတော့မပြောနဲ့။ တစ်သောင်းကျော်လို့  တစ်သောင်းခွဲနားတောင်ရောက်နေပြီ။ စားအုန်းဆီတစ်ပိဿာ အရင် ၂၀၀၀-၃၀၀၀ ကနေ  ၆၀၀၀၊ အခု ၈၀၀၀။ ဆားတစ်ပိဿာ ၄၀၀ က အခု ၅၀၀” သက်ပြင်းတစ်ချက်ချရင်း ရွှေမင်းသားတံဆိပ် ငံပြာရည်ပုလင်းကိုကိုင်ပြကာ “အရင်က ဒီငံပြာရည် ပုလင်းဆို ၄၀၀ လောက်ပဲရှိတာ  အခု ၇၅၀၊ ၈၀၀။”ပြောရင်းအနီးရှိ ငရုတ်သီးမှုန့်တစ်ထုပ်ကိုဆွဲယူလျက် ...

“ဒါလည်းကြည့်ဦး။ ဒီအရွယ်လောက်အထုပ်ဆို အရင်က  ၁၀၀ ပဲရှိတာ။ အခုတော့ ၂၅၀ တဲ့။ကုလားလေး မဆလာဆိုရင်လည်း အရင်က တစ်ထုပ် ၁၀၊ နောက်တော့သုံးထုပ် ၁၀၀၊ အခုတော့ တစ်ထုတ် ၅၀ ဖြစ်လာပြီ ။ ကြာဆံနော် အစိတ်သား အရင်က ၄၅၀-၅၀၀ ကနေ အခု ၁၁၀၀-၁၂၀၀၊ သကြားတစ်ပိဿာ

အရင်က ၁၅၀၀ လောက်ကနေ အခုတော့ ၃၅၀၀၊ နို့ဆီတစ်ဘူး အရင်က ၉၀၀ ကနေ အခုတော့ ၂၃၀၀၊ ထန်းလျက်တစ်ပိဿာ ၁၈၀၀-၂၀၀၀ ကနေ အခုတော့ ၃၅၀၀ ပဲ။ ကြက်ဥစျေးတက်တာ ဆိုရင် အိမ်ရှင်မတွေတင်မဟုတ်ဘူး။ ယောကျ်ားသားတွေတောင်လန့်နေပြီ။ သူတို့က ချက်ရပြုတ်ရလွယ်တော့ နေ့တိုင်းကြော်လှော်ဖို့ ဝယ်နေကြတာလေ။ ပြီးတဲ့နှစ်က ကြက်ဥတစ်လုံး ၁၀၀ ကျော်ကျော်လေး။ အခုတော့ ၂၅၀-၃၀၀။ လွယ်တော့ မလွယ်ဘူး။ ဘယ်လိုလုပ်ကြမလဲ”

နေ့စဉ်မဖြစ်မနေသုံးရသည့် ဆပ်ပြာမှုန့်စျေးအကြောင်းမေးကြည့်ရာ “ဆပ်ပြာမှုန့်စျေးတွေဆို အိုကီဘူးကြီး အရင် ၁၁၀၀ ကနေ အခု ၂၈၀၀။ လူသုံးကုန်ဆို ဥပမာ သွားတိုက်ဆေးမှာ လေဆာတို့၊ ဆစ်ခနယ်တို့ အရင်က ၈၅၀-၉၀၀၊ အခု ၁၅၀၀ ဖြစ်နေပြီ။ ဖယောင်းတိုင်ဆိုလည်း အကြီးတစ်ထုပ် အရင် ၇၀၀ ကနေအခုတော့ ၁၁၀၀”။

“တချို့ပစ္စည်းတွေစျေးတက်တာ ၅၀ တို့ ၁၀၀ တို့လိုမျိုးပဲတက်တယ်။ ၁၀- ၂၀ တို့ ၁၅-၃၀ တက်တာမျိုး သိပ်မရှိကြဘူးနော်” ဟု ပြောသောအခါ “အများစုကတော့

တက်ရင် ၅၀၊ ၁၀၀။ အဲဒီလိုပဲတက်လိုက်ကြတာ။ တစ်ခါတလေလည်း ၅၀ ဖိုး ဘယ်နှထုပ်၊ ၁၀၀ ဖိုး ဘယ်နှခု ဆိုတာမျိုး ရောင်းလိုက်တာလည်း ရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ ငွေ အကြွေအမ်းရခက်တဲ့ကိစ္စကြောင့် ဖြစ်တာမျိုးလည်း ရှိတာပေါ့”။

 

တွေးမိသည့် စျေးကြီးသည့်အကြောင်း

စျေးသည်အမျိုးသမီးကို ကုန်စျေးနှုန်းများအကြောင်း မေးမြန်းပြောဆိုနေရင်း ကျွန်တော့် စိတ်ထဲတွင် “စျေးနှုန်းတွေ ဘယ်တော့များ ကျမလဲ”မေးခွန်း၏အဖြေကိုသိချင်လာသည်။  ထိုသို့တွေးနေရင်း  “စျေး နှုန်းတွေက ပြီးခဲ့တဲ့နှစ်ထဲက မြင့်တက်နေတာ။ အခုနှစ်မှာ ပိုတောင်ဆိုးလာတယ်” ဟု ဆိုသောအခါ ကျွန်တော်သက်ပြင်းချမိသွားသည်။

“စျေးနှုန်းတွေ ဘာလိုမြင့်နေ တယ်လို့ထင်သလဲ” သူ့အမြင်ကို မေးကြည့်မိပြန်သည်။

“ကိုယ့်နိုင်ငံပြည်တွင်း အခြေအနေနဲ့ နိုင်ငံခြားအခြေအနေ၊ သူများနိုင်ငံနယ်စပ်က အခြေအနေ ကြောင့်လိုပဲလို့ ထင်တာပဲ” ဟု သူက ဆိုသည်။ “ကိုယ့်နိုင်ငံ ပြည်တွင်းအခြေအနေဆိုတာ နိုင်ငံရေးအခြေအနေလေ။ နိုင်ငံရေးတည်ငြိမ်ရင်တော့ ကုန်စျေးနှုန်းကျဖို့ အထောက်အကူ ဖြစ်မယ်လို့ ကျွန်မထင်တယ်။ ကျွန်မရောင်းတဲ့ပစ္စည်းတွေက စိုက်ပျိုးရေးထုတ်ကုန်၊ လယ်ယာထုတ်ကုန်တွေလေ။ နိုင်ငံရေးမတည်ငြိမ်တော့ စိုက်ပျိုးမှုတွေနည်းလာနိုင်တယ်။ ကုန်ပစ္စည်းတွေကို ဟိုဒေသကနေ ဒီဒေသ၊ ဒီနေရာကနေ ဟိုနေရာ သယ်ယူပို့ဆောင်တာတွေလုပ်တဲ့အခါမှာလည်း အခက်အခဲတွေရှိ လာမယ်။ အရင်ကလောက် လွယ်မှာ မဟုတ်ဘူး။ နိုင်ငံခြားဆိုတာက အဲဒီကုန်ပစ္စည်းတွေကို နိုင်ငံခြားက ဝယ်တာများရင် စျေးတက်မယ်။ အဝယ်မလိုက်ရင် ပြည်တွင်းမှာ စျေးကျမယ်။ ပြီးတော့ တရုတ်တို့၊ ယိုးဒယားတို့ဘက်က ပစ္စည်းတွေလည်း ဒီလိုပဲ။ သူတို့ဘက် နယ်စပ်ကနေ ကိုယ်နိုင်ငံဘက်ကို ပို့တဲ့အခါ ခက်ခဲနေရင် မှောင်ခိုလမ်းကြောင်းတွေက နေလာရမယ်။ စရိတ်စက ပိုကြီးလာမယ်။ ဒီတော့ ကိုယ့်ဆီရောက်ရင် စျေးတက်မှာပဲ။ ကျွန်မက ဒီလိုပဲ တွေးမိတယ်”။

 

ကိုယ်လည်းမသက်သာ၊ သူမှာလည်း ဝေဒနာ

ရောင်းလိုအားဝယ်လိုအားအကြောင်း၊ ထုတ်လုပ်မှုများ၊ သယ်ယူပို့ဆောင်ရေးအကြောင်းများ မပြောလိုတော့။ တစ်နွယ်ငင်တစ်စင်ပါ ဆက်စပ်ဖြစ်လာနေသော ကုန်ပစ္စည်းအားလုံး၏ စျေးနှုန်းများ၊ စျေးသည်အမျိုးသမီးဆိုလိုသည့် ထုတ်လုပ်မှုဝန်းကျင်၊ သယ်ယူပို့ ဆောင်မှုအခြေအနေတို့ အရေးပါမှုကို စဉ်းစားနေမိသည်။

ထုတ်လုပ်မှု၊ ဖြန့်ဖြူးမှု၊ လဲလှယ်မှု၊ စားသုံးခြင်း၊ စုဆောင်ခြင်း၊ ရင်းနှီးမြှုပ်နှံမှုဟူသော စီးပွားရေး လုပ် ဆောင်ချက်အားလုံးကို တည်ငြိမ်အေးချမ်းသည့် ဝန်းကျင်ရှိမှသာ တစ်ဆင့်ပြီးတစ်ဆင့် ကောင်းမွန်စွာ၊ အကြောင်းအကျိုးဆက်စပ်စွာ လုပ်ကိုင်နိုင်မည်။ သို့မှသာ ကုန်စျေးနှုန်း မြင့်တက်ခြင်း အခြေအနေလည်း သက်သာနိုင်လိမ့်မည်ထင်သည်။ ထိုသို့တွေးနေဆဲပင် ဝယ်ယူစားသုံး သူတစ်ဦး၏ အခက်အခဲများကိုကိုယ် တိုင်ခံစားလျက် ရောင်းသူတို့၏ အခြေအနေကိုပါ စာနာနေမိတော့သတည်း။ 

ကြယ်စင်ဖေသင် 

Most Read

Most Recent