တောင်ကိုရီးယား နာမည်ကျော်အမျိုးသမီးအဆိုတော် IU ၏ နာမည်ကျော်သီချင်းများသည် အခြားသီချင်းများကို ခိုးယူကူးချထားသည်ဟူသည့် စွပ်စွဲချက်များကို ၎င်း၏အေဂျင်စီ EDAM Entertainment က တိုက်ရိုက်တုံ့ပြန်ဖြေရှင်းခဲ့သည်။
“မေ ၁၀ ရက်က IU ရဲ့ သီချင်းတွေဟာ အခြားသူတွေရဲ့ သီချင်းတွေကို ခိုးယူကူးချထားတယ်ဆိုပြီး စွပ်စွဲချက်တွေနဲ့ ဆက်နွှယ်တဲ့ မူပိုင်ခွင့်ချိုးဖောက်မှုအစီရင်ခံစာ ထွက်ပေါ်လာခဲ့ပြီးနောက်မှာ စွပ်စွဲချက်အကြောင်းအရာတွေကို အတည်ပြုဖို့အတွက် မူပိုင်ခွင့်ဆိုင်ရာ အထူးပြုဥပဒေကုမ္ပဏီတစ်ခုကို တာဝန် ပေးအပ်ခဲ့ပါတယ်”ဟု EDAM Entertainment က မေ ၁၂ ရက်တွင် ကြေညာခဲ့သည်။
ဆက်လက်၍ “အခုအချိန်အထိ စုံစမ်းစစ်ဆေးရေးအေဂျင်စီတွေနဲ့ မီဒီယာတွေရဲ့ အစီရင်ခံစာတွေနဲ့ တစ်ဆင့်အတည်ပြုချက်တွေကို အနှစ်ချုပ်လိုက်တဲ့အခါ စွပ်စွဲသူဟာ တေးရေးဆရာတွေကို ဦးတည်ပြီး ခိုးယူတယ်လို့ သံသယမဖြစ်ဘဲ IU တစ်ယောက်ထဲကိုသာ စွပ်စွဲနေတာ တွေ့ရပါတယ်။ IU ကို အကျိုးအကြောင်းမညီညွတ်စွာ စွပ်စွဲနေတာတွေက ယုတ္တိမတန်တဲ့ တတိယအဖွဲ့အစည်းဟာ အနုပညာရှင်ရဲ့ ပုံရိပ်ကို ထိခိုက်စေလိုတဲ့ ရည်ရွယ်ချက်တစ်ခုတည်းသာ ရှိနေတယ်ဆိုတာ တွေ့ရပါတယ်”ဟု ပြောကြားခဲ့သည်။
နောက်ဆုံးတွင် အေဂျင်စီ၏ ထုတ်ပြန်ချက်၌ “စုံစမ်းစစ်ဆေးရေးအေဂျင်စီဟာ ဒီစွပ်စွဲချက်တွေကို အပြည့်အဝမှားယွင်းနေကြောင်း အမြန်ဆုံးဆုံးဖြတ်လာလိမ့်မယ်လို့ ကျွန်တော်တို့ ယူဆပါတယ်”ဟု ဆိုသည်။
IU ၏သီချင်းများသည် အခြားသီချင်းများကို ခိုးယူကူးချထားသည့် စွပ်စွဲချက်များသည် အွန်လိုင်းပေါ်တွင် သတင်းအမှားပုံစံဖြင့် ပျံ့နှံ့လာချိန်၌ IU ၏ Good Day နှင့် The Red Shoes သီချင်းများကို ရေးသားခဲ့သော တေးရေးဆရာ လီမင်ဆူးနှင့် BbiBbi သီချင်းကို ရေးသားခဲ့သော တေးရေးဆရာ လီဂျွန်ဟွန်းက ယင်းခိုးယူကူးချသည့် စွပ်စွဲချက်များကို အွန်လိုင်းတွင် တိုက်ရိုက်ငြင်းဆိုခဲ့သည်။
ထို့ပြင် IU ၏ Pitful သီချင်းစာသားကို ရေးသားခဲ့သော ပရိုဂျူဆာ ချွဲဂမ်ဝန်းကလည်း ယင်းသီချင်းသည် အခြားသီချင်းကို ခိုးယူကူးချထားခြင်းမဟုတ်ဟု ငြင်းဆိုခဲ့သည်။ IU ၏ အေဂျင်စီက ယင်းကဲ့သို့ မဆင်မခြင်စွပ်စွဲမှုများအပေါ် ပြင်းထန်စွာအရေးယူသွားမည် သတိပေးထားသည်။