၁။
၁၅ နှစ် တင်းတင်းပြည့်သွားပြီဖြစ်ပေမဲ့ နာဂစ်မုန်တိုင်းဟာ ကျွန်တော်တို့ရင်ကို လှုပ် ခတ်စေတုန်းပါပဲ။ ပြန်တွေးမိတိုင်း အကြောင်း တစ်မျိုးမဟုတ် တစ်မျိုးနဲ့ မျက်ရည်ကျဝမ်း နည်းနေရတုန်း တုန်လှုပ်ချောက်ချားနေကြ တုန်း။ အားလုံးလည်း ဒီဖြစ်ရပ်ဆိုးကြီးကို အတူတကွခံစားခဲ့ကြရတာ မဟုတ်လား။ ဒဏ်ရာအနာတရတွေကိုယ်စီ ထပ်တူထပ်မျှ နာကျင်ကြေကွဲခဲ့ရတယ်။ အခုထိလည်း ခံ စားနေရတုန်း။ မျက်မြင်ကိုယ်တွေ့ကြုံခဲ့ရ သူတွေလည်း ဝမ်းနည်းစွာ ငိုရှိုက်နေကြတုန်း ပါပဲ။ ကိုယ်တိုင် မကြုံခဲ့ရသူတွေလည်း အဲဒီ အကြောင်းကို စိတ်လိုလက်ရ နာကျင်စွာ ပြောဆိုနေကြဆဲပေါ့။ နာဂစ်မုန်တိုင်းဟာ အဲဒီမြို့ရွာ တစ်စိတ်တစ်ဒေသ နေရာကွက် ကွက်ကလေးကိုသာ တိုက်ခတ်သွားခဲ့တာမှ မဟုတ်ဘဲ။ တစ်နိုင်ငံလုံးကို တိုက်ခတ်ရက် စက်သွားတဲ့ မုန်တိုင်းလို အားလုံးက ထပ်တူ ခံစားခဲ့ရတာလေ။ စာနာခဲ့ကြရတာပေါ့။
နာဂစ်မုန်တိုင်းကြောင့် မိသားစုတွေ သေကွဲကွဲကွာသွားကြတယ်။ ဆွေမျိုးသား ချင်းမိတ်ဆွေတွေ သေလားရှင်လားမသိဘဲ နှုတ်မဆက်ဘဲ ခွဲခွာသွားရတယ်။ ရေစီးထဲ တစစီ တကွဲစီ မျောပါသွားကြတယ်။ ပြန် မဆုံခြင်းကမ်းပါးကို သေဆုံးခြင်းနဲ့အတူ ဆိုက်ကပ်ခဲ့ရပါတယ်။ တချို့နေရာတွေ ရွာ လုံးကျွတ်ပျောက်သွားတယ်။ တချို့တွေ တစ် မိသားစုလုံး ရေထဲပါသွားတယ်။ အားလုံးက တော့ အငိုက်မိသွားခဲ့ရတာပါပဲ။ ဘာမှကြို တင်မသိခဲ့ပဲ ဒါတွေအားလုံးဟာ ဖြစ်ခဲ့တာ တွေချည်းပဲပေါ့။ အခုထက်ထိလည်း အဲဒီ ဒဏ်ရာတွေကိုကုစားနေရဆဲ ဖုံးဖိနေရဆဲ အဲဒီအပူတွေဟာ ရင်ထဲမှာ ကြွင်းကျန်လောင် မြိုက်နေဆဲပေါ့လေ။ အခုထိလည်း ပြန်မဆုံ တော့တဲ့ မိသားစုဆွေမျိုးသားချင်းတွေ ရှိနေ တုန်းပဲ မဟုတ်လား။ ရင်ထဲကခံစားရသမျှကို ဖြေလျှော့နေရတုန်း ကြေကွဲစရာတွေလည်း ကြွင်းကျန်နေရစ်တုန်းပါ။
ဒီလို နေ့ရက်အချိန်တွေရောက်တိုင်း ရောက်တိုင်း နာဂစ်မုန်တိုင်းဒဏ်ကြောင့် ရေထဲမျောနေတဲ့သူတွေ ကောက်ရိုးတစ်ပင် မြက်တစ်ပင်ကို မရမက ကုပ်တွယ်ထားသူ တွေနဲ့ ခိုးကိုးရာမဲ့နေတဲ့ ချောက်ချားကြောက် ရွံ့နေကြတဲ့ မျက်လုံးတွေ တစစီ ပျံ့ကျဲပျက် စီးသွားတဲ့ မြင်ကွင်းတွေဟာ အာရုံထဲပြန် ပေါ်လာဆဲ။ ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက် တွေကို တစ်ခုစီ တစ်စစီ ပြန်မြင်ယောင်နေ ခဲ့မိတယ်။ အဲဒီတုန်းက ဒီအချိန်တွေမှာပဲ နာဂစ်ဟာ ကျွန်တော်တို့ကို အဆုံးစွန်အထိ ရက်စက်ခဲ့တာပဲပေါ့လေ။ သတင်းစာတွေ တီဗွီဖန်သားပြင်တွေပေါ် မြင်ခဲ့ရသလို ပရ ဟိတအဖွဲ့တွေ၊ ဒုက္ခရောက်နေသူတွေကြား က လောဘသမားတွေ အများကြီး အများ ကြီးကို ဒီလိုအချိန်တွေရောက်ဆိုင်း ပုံရိပ် တွေအဖြစ် ပြန်မြင်မြင်နေမိတော့တယ်။ ကိုယ်တိုင်လည်း နာဂစ်ကိုခပ်လှမ်းလှမ်းတစ် နေရာက ကြုံတွေ့ရင်ဆိုင်ခဲ့ရတာပဲမဟုတ် လား။ တွေးလိုက်ရင်တော့ အဲဒီတုန်းက ပုံ ရိပ်တွေက တစ်ကွက်ချင်း တစ်ခုချင်းပြန်မြင် လို့ရနေသေးတယ်။ နာဂစ်ရေ။ အခုထိလည်း ကမ်းဟာ တကယ်ဝေးလွန်းနေပါသလား။ အားလုံးရင်ထဲက အဲဒီအနာတွေလည်း အခု အချိန်တွေအထိ မကျက်တော့ဘူးလားဆို တာ မေးချင်နေမိတယ်။
၂။
အဲဒီနေ့တုန်းက ရန်ကုန်မြို့ကြီးလည်း နာဂစ်ဒဏ်ကိုခံစားခဲ့ရတာပေါ့။ တကယ် ပုံပျက်ပန်းပျက် ထိခိုက်သွားတဲ့အရပ်ဒေသ တွေလိုမဟုတ်ပေမဲ့ ရန်ကုန်လည်း အထိုက် အလျောက်ခံစားခဲ့ရပါတယ်။ မြို့ကြီးပြကြီး လို့တောင်မှ ခေါ်ဆိုလို့မရတော့လောက် အောင် ဖြစ်ခဲ့ရသေးတာပဲ။ နောက်ပြီး ရန် ကုန်ထက် ပိုထိခိုက်ဆုံးရှုံးခဲ့ကြတာတွေကိုလည်း မမြင်ရက် မကြည်ရက်လောက်အောင် တွေ့မြင်ခဲ့ရတာပဲလေ။ ရုပ်သံပေါ်မှာ ဂျာ နယ်သတင်းစာတွေဖတ်ရင်းကြည့်ရင် ဝမ်း နည်းခဲ့ရတယ်။ ကိုယ်ချင်းစာတရား ဖြစ်ကြ ရတယ်။ သူတို့ဒုက္ခနဲ့ယှဉ်ရင် ကိုယ်တွေကြုံ တွေ့ခဲ့ရတာ ဘာမှမပြောပလောက်ပါလား လို့လည်း ခံစားခဲ့မိပါတယ်။ အဲဒီတုန်းက ရန်ကုန်မှာလည်း မိုးတွေရွာ လေတွေတိုက် အိမ်ခြေအဆောက်အအုံတွေ ပျက်စီးသွားခဲ့ တာပါပဲ။ မီးတွေပျက်သွားခဲ့တယ်။ သောက် ရေသုံးရေတွေ ပြတ်သွားတယ်။ နေရာတော် တော်များမျာ တောကြီးမျက်မည်းလို ကျ ရောက်သွားခဲ့တယ်။ လမ်းပေါ်မှာ သစ်ပင် တွေ လဲကျနေတယ်။ ရေတွေကြီးနေတယ်။ အိမ်ခေါင်မိုး သွပ်ပြားတွေတောင် နေရာ အနှံ့လွင့်ကျနေခဲ့တာပေါ့။
ပြန်တွေးကြည့်ရင် မှတ်မိနေသေးတာ ပေါ့လေ။ အဲဒီနေ့က ရန်ကုန်မှာမုန်တိုင်းဝင် လိမ့်မယ်လို့ ကျွန်တော်တို့အားလုံး ထင်ကို မထင်ထားခဲ့ဘူး မဟုတ်လား။ အိပ်ကောင်းကောင်းနဲ့ကို အိပ်နေမိသေးတာလေ။ အဲဒါ ကြောင့်လည်း မုန်တိုင်းဝင်သွားတယ်ဆိုတာ မသိလိုက်ဘဲ နည်းနည်းနောက်ကျပြီးမှသာ နိုးထလာခဲ့မိတာပေါ့။ အဲဒီနေ့က မနက် အစောကြီး ကျွန်တော့်ကိုလာနှိုးကြတယ်။ အခန်းမှာနေတဲ့သူအားလုံး အလန့်တကြား ဖြစ်နေပုံလည်းရပါတယ်။ နေတာက မြို့လယ် ကောင် ခြောက်လွှာမှာဆိုတော့ အပေါ်က နေ တချို့တဝက်တော့မြင်နေရတာပေါ့လေ။ အိပ်ရာက ကမန်းကတန်း ကုန်းထလာပေမဲ့ အပြင်မှာက အမှောင်ရိပ်တောင် မပြယ် သေးပါဘူး။ အမှောင်ထဲမှာရှိနေတုန်းဆိုပေမဲ့ အနောက်ဘက်ကတိုက်မှာ သွပ်တွေလန်နေ ပြီဆိုတာမြင်နေရတယ်။ လေကတော့ အရှိန် မကုန်သေးပဲ တဝေါဝေါတိုက်နေဆဲ။ အ လင်းရောင်က ၀ိုးတဝါးနဲ့ဆိုပေမဲ့ အဲဒီဝိုးတ ၀ါးအလင်းရောင်ကြားမှာပဲ အဖြစ်အပျက် တွေကို မြင်နေရတော့တာပါ။ ပြတင်းပေါက် တွေကို ပိတ်ထားတာဆိုတော့ တိုက်ခန်းထဲ အထိတော့ လေက ရောက်မလာဘူးပေါ့ လေ။ အပေါ်ဆုံးထပ် မဟုတ်တာလည်း ပါပါ လိမ့်မယ်။ ဘေးမှာ တိုက်တွေကျပ်ညှပ်နေလို့ လည်း အထဲက သိပ်မသိသာသလို ဖြစ်နေ တယ်။ ဒါပေမဲ့ အိမ်ရှေ့ကလမ်းပေါ်မှာ သစ် ကိုင်းတွေ ကျိုးကျနေပြီ။ လေတိုက်လို့ လွင့် ကျလာတဲ့သွပ်တွေနဲ့ ရေတွေဒူးဆစ်လောက် မြုပ်နေပြီ။ ကိုယ်ကသာ အခုမှထကြည့်နေမိ တာ လမ်းမပေါ်မှာတော့ မုန်တိုင်းဒဏ်ကို တစ်ညလုံး ခံခဲ့ရပြီးပြီပေါ့။ ဒါပေမဲ့ ကျွန် တော်တို့ တစ်ယောက်မှ ကြိုမသိခဲ့ကြဘူး။ မုန်တိုင်းလာတော့မယ်ဆိုတာ ဒီလောက်ဆိုး ဆိုးရွားရွား ဖြစ်သွားလိမ့်မယ်ဆိုတာကို တစ် ညလုံး ဘာသတင်းအစအနမှမရခဲ့ဘူး။ အဲဒီ လို အလင်းရောင် တစစရောက်လာတော့မှ သာ အားလုံးဖြစ်သွားခဲ့ပြီးမှသာ တအံ့တသြ သိလိုက် မြင်လိုက်ရတာလေ။ ညတုန်းက တော့ သာမန်မိုးကောင်းတယ်ဆိုတဲ့အထင်နဲ့သာ အိပ်နေခဲ့တာမဟုတ်လား။ တကယ် မြင်လိုက်ရတာက မိုးကောင်းရုံတင် ဘယ်က မလဲ။ ရန်ကုန်မြို့မှာတောင် မကောင်းဆိုးရွား တစ်ကောင် ဝင်မွှေသွားသလို ပျက်စီးသွားခဲ့ တာပေါ့။
၃။
အဲဒီနေ့တွေတုန်းက ရန်ကုန်မှာ အစစ အရာရာ စျေးတွေတက်ကုန်တယ်။ ဖယောင်း တိုင်ကအစ စျေးကြီးသွားတယ်။ အခြေခံစား သောက်ကုန်ကအစ ကြက်ဥတစ်လုံး သွပ်တစ်ချပ် သံတစ်ချောင်း ပေါင်မုန့်တစ်လုံး အရာရာ စျေးတွေ မတန်တဆမြင့်တက်သွား ခဲ့တာပေါ့။ အဆိုးဆုံးက နေအိမ်တိုက်ခန်း တွေမှာ သောက်ရေသုံးရေ မရှိတော့တာပါပဲ။ စျေးဆိုင်တွေ အကုန်နီးပါးပိတ်သွားခဲ့တာ လေ။ အဲဒီရက်တွေမှာ အားလုံး စားစရာ သောက်စရာ အလုအယက် တိုးဝှေ့ဝယ်နေ ကြရတယ်။ တစ်ဆိုင်စ နှစ်ဆိုင်စ ဖွင့်နေတဲ့ နေရာတွေမှာ လူတွေ စီတန်းကျပ်ညှပ်နေ ကြတယ်။ အဲဒီတစ်ရက်နှစ်ရက် တစ်ပတ် လောက်မှာ ရန်ကုန်ဟာ ဖြစ်ချင်တိုင်းကိုဖြစ်နေတော့တာပါ။ တစ်နေရာက တစ်နေရာ ကို သွားလာဖို့တောင် မလွယ်ကူတော့ဘူး ဖြစ်သွားခဲ့တာလေ။ ငွေကြေးကအစ အရာရာခက်ခဲသွားတယ်။ အဲဒီတုန်းက ကိုယ် တွေတောင် တွေးမိခဲ့ပါသေးတယ်။ ဒီမှာ တောင် ဒီလောက် ခံစားနေရတော့ မုန်တိုင်း နဲ့ နဖူးတွေ့ဒူးတွေ့ ရင်ဆိုင်ကြုံခဲ့ရတဲ့ အရပ် ဒေသတွေမှာ ဘာတွေဖြစ်ကုန်ပြီလဲ ဆိုတာ ကိုပေါ့။ ဒါပေမဲ့ ဘာမှမတတ်နိုင် လက်ပိုက် ကြည့်နေရတယ်။ အဲဒီလိုအတွေ့အကြုံမှာ ကိုယ်တိုင်လည်း ဘာမှမစဉ်းစားတတ်တော့ ဘူးလေ။
အဲဒီတုန်းက ရန်ကုန်မှာ ဘယ်နေရာကို မှ သွားလို့မရ သွားစရာလည်းမလို အလုပ် အကိုင်တွေလည်း ပျက်သွားတာပေါ့။ အလုပ်အကိုင်ထက် လက်ထဲစားစရာသောက် စရာရှိနေဖို့ကိုတောင် ခက်ခဲနေကြရတယ်။ ဘယ်နေရာမှာ ရေပေးဝေနေတယ်ဆိုတဲ့ သတင်းကို ပတ်ဝန်းကျင်မှာ ဂရုတစိုက်နား ထောင်နေခဲ့ရတယ်။ ဒါပေမဲ့ လက်ဘက်ရည် ဆိုင်က တီဗွီမှာ သတင်းတွေတက်လာတော့ ကိုယ့်အဖြစ်ကိုယ်တောင် စုတ်မသပ်နိုင်ဘဲ ဖြစ်သွားခဲ့တာပါပဲ။ တချို့နေရာတော်တော် များများမှာ လူတွေ ထောင်သောင်း သိန်း သန်းမက ဒုက္ခရောက်ကုန်တယ်။ တော်တော်များများ မရေမတွက်နိုင်လောက် အောင် သေကြေပျက်စီးခဲ့ကြရတယ်။ မုန် တိုင်းဟာ အဆုံးစွန်ထိဝင်ရောက်ပြီးခဲ့ပြီပဲ။ မိသားစုတွေကွဲကွာလို့ ခိုကိုးရာမဲ့ကပ်ဘေး ဆိုက်ခဲ့ပြီ မဟုတ်လား။ အဲဒီတုန်းက နေရာ အနှံ့က ကူညီမှုတွေကတော့ တဖွဲဖွဲရောက် လာကြတယ်။ စိတ်ဆောင်ပြီး ကိုယ်ပါလိုက် နိုင်ခဲ့သူတွေ တော်တော်များများက ဖေးကူ ထောက်ပံ့ဖို့ အခေါက်ပေါင်းများစွာ သွားခဲ့ ကြတယ်။ အဲဒီဒေသတွေက ကြွင်းကျန်ခဲ့တဲ့ ဒုက္ခသည်တွေ ထိခိုက်နာကျင်ခဲ့ကြရတဲ့သူ တွေကို ကိုယ့်မိသားစုဝင်လို ကိုယ်ချင်းစာပြီး သနားကြင်နာခဲ့ရတယ်။ အဝေးက နာကျင် ကြေကွဲရတယ်ဗျာ။ နာဂစ်မုန်တိုင်းဒဏ် မခံ ရဘဲ အဝေးကလူတွေလည်း အားလုံးထပ်တူ ထပ်မျှ မျက်ရည်ကျခဲ့ကြတယ်ဆိုတာ အား လုံး မျက်ဝါးထင်ထင် မြင်ခဲ့ကြရပါတယ်။ နာ ဂစ်ဟာ ကျွန်တော်တို့ကို ရင်ကွဲပက်လက်ဝမ်း နည်းအောင် လုပ်သွားခဲ့ပြီးပြီမဟုတ်လား။
နာဂစ်မုန်တိုင်းဟာ အားလုံးအတွက် တော့ မေ့ပျောက်ပစ်ဖို့ခက်တဲ့အတိတ်ပါပဲ။ အခုအချိန်ထိလည်း ကျွန်တော်တို့အားလုံး ရင်ထဲက နာကျင်ဖွယ် အစိုင်အခဲတစ်ခုပဲ မဟုတ်လား။ တချို့တွေ မသေသင့်ဘဲသေခဲ့ ရတယ်။ တချို့ဘဝတွေ အဆုံးစွန်ထိ ခံစားခဲ့ ရတယ်။ တချို့လည်း ဘဝတွေပျက်သွား တယ်။ ကိုယ့်မိသားစု ဆွေမျိုးသားချင်းရဲ့ အသက်မရှိတော့တဲ့ ခန္ဓာကို ကိုယ့်ရှေ့မှာ တင် ဘာမှမတတ်နိုင်စွာ ကြည့်နေရတယ်။ အသက်ပါ နှုတ်ယူသွားရုံတင်မကဘူး ဘဝ ပါ ပျောက်သွားစေခဲ့တာ နာဂစ်မုန်တိုင်းဒဏ် တွေပေါ့လေ။ နာဂစ်မုန်တိုင်းကြောင့် ပျော် ရွှင်ခဲ့ရသူတော့ ဘယ်ရှိပါ့မလဲဗျာ။ အားလုံး ရင်ထဲ ပူဆွေးသောက ရောက်ခဲ့ရတာပဲ မဟုတ်လား။ အားလုံးအတူတူ တိတ်ဆိတ် ဆွံ့အ နာကျင်ခဲ့ရတာပဲ မဟုတ်လား။ ဒါပေမဲ့ နာဂစ်မုန်တိုင်းကြောင့် ပိုပြီးနာကြည်းဖို့ ကောင်းတဲ့ တချို့အဖြစ်အပျက်တွေကလည်း ရှိနေပြန်ပါသေးတယ်။ မတော်လောဘ သမားတွေ ဒဏ်ရာကိုခုတုံးလုပ် အကျိုးအ မြတ်ရှာ ကိုယ်ကျိုးစီးပွားဖြစ်သွားသူတွေနဲ့ တချို့တချို့ တစ်ကိုယ်ကောင်းဆန်တဲ့သူတွေ ကတော့ နာဂစ်မုန်တိုင်းကိုမျက်ကွယ်ပြုပြီး ကွယ်ရာမှာပျော်ရွှင်နေကြသတဲ့လေ။ ဟုတ် ပါတယ်။ ဘယ်သူသေသေ ငတေမာမယ့်သူ တွေကတော့ ဘယ်အချိန်မှာဖြစ်ဖြစ် ရှိနေ မှာပါပဲ။ ကမ္ဘာမီးလောင် သားကောင်ချနင်း မယ့်သူတွေကိုလည်း တွေ့ခဲ့ကြရတယ်ဆို တော့။ ကျွန်တော်တို့က နာဂစ်မုန်တိုင်းကို မေ့မရဘူးဆိုတာ အဲဒီတုန်းကအတိတ် အဲဒီ တုန်းကမြင်ကွင်းတွေကို ပြန်မြင်ယောင်မိ ရာက အခါခါနာကျင်နေရလို့ပါ။ မုန်တိုင်းရဲ့ ပြင်းထန်တဲ့ ရိုက်ခတ်မှုမှာ အထပ်ထပ် ခံ စားခဲ့ကြရလို့ပေါ့။ ကျွန်တော်တို့အားလုံး အဲဒီနေ့ရက် အဖြစ်အပျက်တွေကို ဘယ်မေ့ နိုင်မှာလဲလေ။ အဲဒီ နာဂစ်ဆိုတဲ့ မုန်တိုင်းကြီး နဲ့ အတူ ရောပါလာတဲ့ ဆိုးရွားရက်စက်လွန်း တဲ့အဖြစ်အပျက်တွေ အားလုံးအားလုံးကိုပေါ့။