ဂျက်ကီချန်းက ယနေ့ခေတ်လူငယ်မျိုးဆက်များပြောသည့် စကားအသုံးအနှုန်းများကို လုံးဝနားမလည်သဖြင့် ၎င်းတို့နှင့်စကားယှဉ်ပြောရန် မဖြစ်နိုင်တော့ဟု အစီအစဉ်တစ် ခုတွင် ဝန်ခံပြောသွားသည်။
တရုတ်အစီအစဉ်တင်ဆက်သူ လုကျန့်နှင့် Talk Show တစ်ခုတွင် အသက် ၆၉ နှစ် ရှိပြီဖြစ်သည့် ဂျက်ကီချန်းက ၎င်းပါဝင်ထားသည့် Ride On ဇာတ်ကားသစ်ကို ကြော်ငြာရင်း လက်ရှိလူငယ်များနှင့် ၎င်းတို့ကြားကွာဟချက်ကို ပြောပြသွားခြင်းဖြစ်သည်။
ဇာတ်ကားထဲမှ ဂျက်ကီချန်း၏ဇာတ်ရုပ်က အလုပ်ကိုပင် အာရုံထားသည့် ကြိုးစားသူတစ်ဦးဟု တင်ဆက်သူလုကျန့်က ပြောသည်ကို ချန်းက ချက်ချင်းပင်ထောက်ခံသည်။ ၎င်းက လက်တွေ့ဘဝတွင်လည်း ထိုအတိုင်းဟု ချန်းကပြောသည်။
တစ်ဖန်ချန်း၏ဇာတ်ရုပ်က ယခုခေတ် လူငယ်များနှင့် အဆက်ပြတ်နေပုံရသည်ဟု လုကျန့်ကပြောသည့်အခါတွင်လည်း ချန်းက ထောက်ခံပြန်သည်။
“လူငယ်တွေနဲ့ ကျွန်တော်စကားပြောလို့ မရတော့ဘူး။ဥပမာပြောရရင် အခုနောက်ပိုင်း ရိုက်ကူးရေးတွေမှာသုံးတဲ့ ပစ္စည်းတွေကို မြင်တော့ အံ့သြမိတယ်။တစ်ခါတစ်လေ အစီအစဉ်တစ်ခုရိုက်ရင် အနားမှာ ကင်မရာအလုံး ၄၀ ကျော်လောက် ချိန်ထားကြတာ။ နောက်ပိုင်းလူငယ်တွေ ဘာပြောကြလဲ ကျွန်တော် နားမလည်တော့ဘူး။ သူတို့စကားတွေကို လိုက်မမီတော့တာ” ဟု ချန်းက ဆိုသည်။
အခြားအနုပညာရှင်များနှင့်မတူဘဲ ဂျက်ကီချန်းသည် ဆိုရှယ်မီဒီယာလည်းမသုံး၊ စာဖြင့်ဆက်သွယ်နိုင်သည့် အက်ပလီကေးရှင်းများလည်း မသုံးပေ။ထိုအရာများက အချိန်ဖြန်းခြင်းဟု ချန်းက ယူဆသည်။
“ကျွန်တော် WeChat လည်းမသုံးဘူး။ လူငယ်တွေကျပြန်တော့ ဖုန်းနဲ့ပဲအချိန်ကုန်တာများတယ်။ ကျွန်တော်ကတော့ တစ်ခုခုကို တွေးရင်း၊ ဇာတ်ကားကောင်းတွေကြည့်ရင်း၊ သီချင်းနားထောင်ရင်း၊ မန်ဒါရင်ဘာသာလေ့လာရင်း၊ ကဗျာတွေ ဇာတ်ညွှန်းတွေဖတ်ရင်း၊ ကိုယ်ခံပညာတိုးတက်အောင် ကျင့်ကြံရင်းနဲ့ပဲ အချိန်တွေကုန်ချင်တာ” ဟု ချန်းကဆိုသည်။
ယင်း Talk Show ကို ထုတ်လွှင့့်ပြသပြီးသည့်နောက် ပရိသတ်အများစုက ဂျက်ကီချန်းကို အကောင်းမြင်သည့် သင်ယူလိုစိတ်ရှိသည့် စိတ်နေသဘောထားရှိသူအဖြစ် ချီးကျူးနေကြသည်။