Thinking Out Loud တေးသီချင်းမူပိုင်ခွင့်တရားရင်ဆိုင်မှုတွင် အက်ဒ်ရှီးယန် အနိုင်ရရှိ

Thinking Out Loud တေးသီချင်းမူပိုင်ခွင့်တရားရင်ဆိုင်မှုတွင် အက်ဒ်ရှီးယန် အနိုင်ရရှိ
Photo - AFP
Photo - AFP
Published 6 May 2023

ဗြိတိန်ပေါ့အဆိုတော် အက်ဒ်ရှီးယန်က ၎င်း၏ နာမည်ကျော်သီချင်းဖြစ်သည့် Thining Out Loud ကို ရေးသားရာတွင် အဆိုတော်မာဗင်ဂေး၏ Let’s Get It On သီချင်းကို ပုံတူကူးချခြင်းမရှိကြောင်း အမေရိကန်တရားသူကြီးတစ်ဦးက တွေ့ရှိခဲ့ပြီးနောက် အက်ဒ်က မေ ၄ ရက်တွင် ပျော်ရွှင်ပြီး စိတ်သက်သာရာရရှိခဲ့သည်ဟု ပြောကြားခဲ့သည်။

ဂျူရီလူကြီးများက အက်ဒ်သည် ၎င်း၏ ၂၀၁၄ ခုနှစ်ကထွက်ရှိခဲ့သော တေးသီချင်းကို လွတ်လပ်စွာ ဖန်တီးခဲ့ခြင်းဖြစ်ကြောင်း အမိန့်ချမှတ်ခဲ့ပြီးနောက် အက်ဒ်သည် မက်ဟန်တန်ဖက်ဒရယ်တရားရုံးအတွင်း ၎င်း၏အဖွဲ့ကို ဝမ်းသာစိတ်ဖြင့် ဖက်ခဲ့သည်။

တရားရုံးအပြင်ဘက်၌ အက်ဒ်က အလွန်ပျော်ရွှင်သော်လည်း ယင်းကဲ့သို့ အခြေအမြစ်မရှိသော တောင်းဆိုချက်များကို မယုံကြည်နိုင်လောက်အောင် စိတ်ပျက်မိသည်ဟု သတင်းထောက်များကို ပြောကြားခဲ့သည်။

ဂေး၏ တွဲဖက်သီချင်းရေးဆရာ အက်ဒ်တောင်းဆန့်စ်၏ ဆက်ခံသူများက အက်ဒ်သည်နာမည်ကျော် “Let’s Get It On” သီချင်း၏ အခြေခံသဘောတရားများကို ကူးချခဲ့သည်ဟု စွပ်စွဲပြောကြားခဲ့သည်။

၎င်းတို့သည် ရှီးယန်၏ နာမည်ကျော် ယင်းသီချင်းမှ အမြတ်အစွန်းများကို မျှဝေလိုသောကြောင့် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

“ဂျူရီလူကြီးတွေက အခြားတစ်နည်းနဲ့ ဒီကိစ္စကို ဆုံးဖြတ်ခဲ့မယ်ဆိုရင် ကျွန်တော်တို့အနေနဲ့ တေးသီချင်းရေးသားသူတွေရဲ့ လွတ်လပ်စွာဖန်တီးခွင့်ကို နှုတ်ဆက်ရတော့မှာဖြစ်ပါတယ်”ဟု ရှီးယန်က ဆိုသည်။

“ကျွန်တော်တို့ရဲ့ ဘဝဖြစ်စဉ်တွေကို ထည့်သွင်းသီဆိုထားတဲ့သီချင်းကို အခြားသူတစ်ဦးရဲ့ သီချင်းတွေကို ခိုးယူထားတယ်ဆိုပြီး စွပ်စွဲခံရတာက စိတ်ပျက်ဖို့ကောင်းပြီး အသရေဖျက်လိုက်တာဖြစ်ပါတယ်။ ကျွန်တော်ဟာ လူတွေကို ပျော်ရွှင်စေဖို့အတွက် ဂစ်တာတစ်လက်နဲ့ သီချင်းတွေရေးရတာကို ကြိုက်နှစ်သက်တဲ့ လူတစ်ယောက်သာဖြစ်ပါတယ်” ဟု အက်ဒ်က ပြောကြားခဲ့သည်။

ထိုသီချင်းသည် ၎င်း၏အဘိုးနှင့်အဘွားတို့ကြား တစ်ဦးအပေါ်တစ်ဦးထားရှိသည့် ချစ်ခြင်းမေတ္တာကို အကြံဉာဏ်ယူ၍ ရေးသားခဲ့ခြင်းဖြစ်ကာ ၎င်း၏အဘိုးသည် မကြာသေးမီက ကွယ်လွန်သွားခဲ့သည်ဟုဆိုသည်။

ရှီးယန်သည် လန်ဒန်တွင် Shape Of You သီချင်းဖြင့် မူပိုင်ခွင့်တရားခွင်ရှင်းလင်းခဲ့ပြီး နောက်တစ်နှစ်အကြာတွင် ယခုကြားနာမှုကို ရင်ဆိုင်ခဲ့ရခြင်းဖြစ်သည်။

Most Read

Most Recent