COVID-19 ဓာတ်ခွဲနမူနာစုစုပေါင်း ၉၉၂၄ ခုအား စစ်ဆေးရာ အတည်ပြုလူနာသစ် ၁၁၉ ဦးတွေ့ရှိကြောင်း မေ ၂ ရက်ညပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။
ထုတ်ပြန်ချက်အရ ကျန်းမာရေးဝန်ကြီးဌာနသည် COVID-19 သံသယလူနာများ၊ ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ်ထိတွေ့ခဲ့သူများနှင့် အသွားအလာကန့်သတ်ထားရှိသူများအား COVID-19 ရောဂါ ရှိ၊ မရှိ ဓာတ်ခွဲစစ်ဆေးခြင်း ပုံမှန်ဆောင်ရွက်လျက်ရှိပြီး မေ ၁ ရက် ည ၈ နာရီမှ မေ ၂ ရက် ည ၈ နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း ၉၉၂၄ ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် ၁၁၉ ဦး တွေ့ရှိပြီး ရောဂါပိုးတွေ့ရှိမှုရာခိုင်နှုန်းမှာ ၁ ဒသမ ၂ ရာခိုင်နှုန်းရှိကြောင်း သိရသည်။
ယင်းအတွက်ကြောင့် မေ ၂ ရက်အထိ ဓာတ်ခွဲနမူနာစုစုပေါင်း ၁၀၃၈၄၀၈၅ ခုအား စစ်ဆေးခဲ့ပြီး COVID-19 ဓာတ်ခွဲအတည်ပြုလူနာစုစုပေါင်း ၆၃၅၁၀၂ ဦးရှိပြီဖြစ်ကြောင်း၊ ဓာတ်ခွဲအတည်ပြုလူနာများအား နေအိမ်တွင်သီးခြားထားရှိခြင်းနှင့် ဆေးရုံများတွင် သီးခြားထားရှိကုသမှုပေးခြင်းများ ဆောင်ရွက်ခဲ့ရာ ပြန်လည်ကောင်းမွန်လာသူ ၄၉ ဦးရှိသဖြင့် ပြန်လည်ကောင်းမွန်လာသူစုစုပေါင်း ၆၁၄၉၁၈ ဦးရှိပြီဖြစ်ကြောင်း၊ မေ ၂ ရက်တွင် COVID-19 ရောဂါဖြင့် သေဆုံးသူမရှိသဖြင့် သေဆုံးသူစုစုပေါင်း ၁၉၄၉၂ ဦးရှိကြောင်း သိရသည်။
ဆက်လက်ပြီး သုတေသနတွေ့ရှိချက်များအရ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံထားသူများတွင် ရောဂါပြင်းထန်မှု၊ ဆေးရုံတက်ရောက်ကုသခံယူရမှုနှင့် သေဆုံးမှုတို့ကိုလျှော့ချနိုင်ပြီး ထပ်ဆောင်းကာကွယ်ဆေးထိုးနှံထားခြင်းဖြင့် ရောဂါပြင်းထန်မှု၊ ဆေးရုံတက်ရောက်ကုသခံရမှုနှင့် သေဆုံးမှုတို့ကို ပိုမိုလျှော့ချနိုင်ကြောင်းကို တွေ့ရှိရသည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။
ပြည်သူလူထုအနေဖြင့် ကိုဗစ်-၁၉ ရောဂါနှင့် အတူယှဉ်တွဲပြီး (Living with COVID) နေထိုင်ရာတွင် နေထိုင်မှုပုံစံသစ် (New Normal) နည်းလမ်းအားလိုက်နာ၍ နေထိုင်ရမည်ဖြစ်သဖြင့် အသက်(၅)နှစ်နှင့်အထက် ပြည်သူများအားလုံးသည် ကျန်းမာရေးဝန်ကြီးဌာနမှ အခမဲ့ထိုးနှံပေးလျက်ရှိသော ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို အကြိမ်ပြည့်ထိုးနှံခြင်းနှင့် ကာကွယ်ဆေးထိုးနှံပြီး ခြောက်လပြည့်ပြီးပါက ထပ်ဆောင်းကာကွယ်ဆေးများထိုးနှံခြင်းတို့ကို နီးစပ်ရာ ကျန်းမာရေးဌာနများ၊ ကျေးရွာ/ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများနှင့်ဆက်သွယ်၍ မပျက်မကွက် ခံယူကြရန်၊ အလုံပိတ်အခန်းများ၊ လူထူထပ်သောနေရာများ၊ အများပြည်သူနှင့်သက်ဆိုင်သောနေရာများ၌ရှိနေစဉ် ပါးစပ်နှင့်နှာခေါင်းစည်းကို စနစ်တကျတပ်ဆင်ရန်၊ အလုံပိတ်အခန်း၌ လူတစ်ဦးထက်ပို၍ ရှိနေစဉ် လေဝင်/လေထွက်ကောင်းမွန်စေရေးအတွက် ဖြစ်နိုင်ပါက ပြတင်းပေါက်များအားဖွင့်ထားရန်၊ လက်ကို ဆပ်ပြာ၊ ရေ(သို့မဟုတ်) အယ်လ်ကိုဟော (အနည်းဆုံး ၆၀ ရာခိုင်နှုန်း)ပါဝင်သော လက်သန့်ဆေးရည်ဖြင့် စက္ကန့်(၂၀)ကြာ မကြာခဏဆေးကြောရန်၊ လူတစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေရန်၊ တတ်နိုင်သမျှ လူစုလူဝေးရှောင်ကြဉ်ရန်၊ ပါးစပ်နှင့်နှာခေါင်းစည်း တပ်ဆင်မထားချိန်၌ ချောင်းဆိုး၊ နှာချေလျှင် တံတောင်ဆစ်ကွေးနှင့်အုပ်၍ ချောင်းဆိုး၊ နှာချေခြင်းစသည့် တစ်ကိုယ်ရည်ကာကွယ်ရေးနည်းလမ်းများကို ဆက်လက်လိုက်နာကြပါရန် ကျန်းမာရေးဝန်ကြီးဌာနက တိုက်တွန်းနှိုးဆော်ထားကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါဆိုင်ရာ သတင်းအချက်အလက်များကို ကျန်းမာရေးဝန်ကြီးဌာန၏ အင်တာနက်စာမျက်နှာ moh.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။













